ရန်ကုန်၊ မေ ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပုလဲခန်းမတွင် ပြုလုပ်သော တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ဆောလျင်စွာပြဋ္ဌာန်းနိုင်ရေး ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
တွေ့ဆုံရာတွင် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က တိုင်းဒေသကြီးလွှတ်တော်၏ ဥပဒေကြမ်းကော်မတီဖွဲ့စည်းမှု၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင် ဥပဒေပညာရှင်များ ဖွဲ့စည်းထားရှိမှုအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော ဥပဒေပညာရှင်များက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားပါသည်။
၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အမှာစကားပြောကြားရာ ပြည်သူများ၏ အကျိုးစီးပွားအား အကာအကွယ်ပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းရာမှာ အထောက်အကူဖြစ်စေရန်နှင့် ထိရောက်စေရန်အတွက် ယခုလို ဥပဒေပညာရှင်များနှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ဥပဒေပညာရှင်များနှင့် ဥပဒေစကားဝိုင်းတစ်ခု ပြုလုပ်ရန် အမြဲစဉ်းစားပါကြောင်း၊ ဥပဒေပညာရှင်များအနေဖြင့် တည်ဆဲဥပဒေများနှင့်ပတ်သက်ပြီး ခေတ်နှင့်မလျော်ညီတော့သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ခေတ်နှင့်အညီ ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို ဆွေးနွေးပေးကြစေလိုကြောင်း၊ ဥပဒေရဲ့အကာအကွယ်အောက်မှာ ပြည်သူများ အေးချမ်းလုံခြုံစွာ နေထိုင်ပြီး အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒေသအတွင်းနဲ့ နိုင်ငံတကာဆက်ဆံရေးများမှာ မိမိတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် လိုအပ်တဲ့ဥပဒေများ ပြဋ္ဌာန်းရမှာဖြစ်ပါကြောင်း၊ လတ်တလောအနေဖြင့် နိုင်ငံတော်အတွက် လက်ရှိ အခြေအနေများနှင့်ကိုက်ညီသည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကို ဆောလျင်စွာပြဋ္ဌာန်းနိုင်ရေး ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေပညာရှင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့ဝင်များ၊ ဥပဒေပညာရှင်များက ဥပဒေပြုရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီး ပါတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး သင်တန်းခန်းမ၌ပြုလုပ်သည့် စီမံကိန်း၊ ရသုံးမှန်းခြေငွေစာရင်းနှင့် ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်နေကြသည့် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ဆုံအားပေးစကားပြောကြားကာ ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
#MNP #News







No comments:
Post a Comment