ဂျကာတာ၊ မေ ၂၆
အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (The ASEAN Intergovernmental Commission on Human Rights- AICHR) မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ၁၈-၅-၂၀၂၆ ရက်မှ ၂၂-၅-၂၀၂၆ ရက်အထိ ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဘေးကင်းသန့်ရှင်းကျန်းမာ၍ ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင် အခွင့်အရေးဆိုင်ရာ အာဆီယံကြေညာစာတမ်းနှင့် အားလုံးပါဝင်၍ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်နှင့် ငြိမ်းချမ်းရေးရပိုင်ခွင့် တိုးမြှင့်ရေးဆိုင်ရာ အာဆီယံကြေညာစာတမ်း တို့ကို အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အာဆီယံအဖွဲ့ဝင် (၁၁) နိုင်ငံမှ AICHR ကိုယ်စားလှယ်များနှင့် ကိုယ်ခွဲ ကိုယ်စားလှယ်များက AICHR ၏ ငါးနှစ်တာလုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) ကို အကောင်အထည် ဖော်ရန်အတွက် စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်ရေး (M&E) မူဘောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် AICHR ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုများနှင့် ယင်းအစည်းအဝေးသို့ တင်ပြမည့် AICHR ဥက္ကဋ္ဌ၏ မိန့်ခွန်း (မူကြမ်း)၊ ၂၀၂၅-၂၀၂၆ AICHR နှစ်ပတ်လည်အစီရင်ခံစာမူကြမ်းနှင့် ၂၀၂၇ ခုနှစ်အတွက် ဦးစားပေးအစီအစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
(၄၃) ကြိမ်မြောက် AICHR အစည်းအဝေးကာလအတွင်း (၁၇) ကြိမ်မြောက် AICHR ကိုယ်စားလှယ်များနှင့် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီတို့၏ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် AICHR ကိုယ်စားလှယ်များသည် လူ့အခွင့်အရေး ပညာပေးရေးဆိုင်ရာ အာဆီယံတက္ကသိုလ်များကွန်ရက်အစီအစဉ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ဆွေးနွေးဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် AICHR ကိုယ်စားလှယ်များသည် ဩစတြေးလျနိုင်ငံနှင့် ဥရောပသမဂ္ဂတို့နှင့် (၉) ကြိမ်မြောက် အစည်းအဝေးများကို သီးခြားစီလည်းကောင်း၊ ဂျပန်နိုင်ငံနှင့် (၅) ကြိမ်မြောက် အစည်းအဝေးကို လည်းကောင်း၊ ကိုရီးယားနိုင်ငံနှင့် နော်ဝေနိုင်ငံတို့နှင့် ဒုတိယအကြိမ် အစည်းအဝေးကို သီးခြားစီ လည်းကောင်း အသီးသီးကျင်းပခဲ့ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့် လတ်တလော လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment