မန္တလေး၊ မေ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ယမန်နေ့က မန္တလေးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မတ အဖြစ်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ပြည်သူလူထုနှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့သည် အထက်မြန်မာနိုင်ငံ၏ စီးပွားရေးမြို့၊ စက်မှုမြို့ဖြစ်သကဲ့သို့ ရှေးဟောင်းအမွေအနှစ်များဖြင့် ပြည့်ဝနေသည့် မြို့တစ်ခုဖြစ်ကြောင်း၊ ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မိမိတို့နိုင်ငံ၏ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ ပီပီပြင်ပြင်ဖြင့် ဖော်ပြနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သဖြင့် မန္တလေးမြို့ရှိ ပြည်သူများအားလုံးကို ဂုဏ်ပြုကျေးဇူးတင်ရှိကြောင်း။
မန္တလေးတိုင်းဒေသကြီးသည် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားလုံး၌ အောင်မြင်ဖြစ်ထွန်းမှုရှိသော ထူးခြားသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ အရေးကြီးသီးနှံ (၁၄) မျိုး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် အားရကျေနပ်ဖွယ်အနေအထားတွင်ရှိပြီး ပန်းတိုင်ရရှိမှု မြင့်မားစေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တိုင်းဒေသကြီး၏ GDP အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၁၀ ရာခိုင်နှုန်းခန့်ပါဝင်ကြောင်း။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများအရ ကမ္ဘာ့နိုင်ငံတိုင်းတွင် လောင်စာဆီအခက်အခဲများ ကြုံတွေ့နေရမှုနှင့်အတူ မိမိတို့နိုင်ငံသည်လည်း ခံစားရလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး Public Transportation ကို ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။
မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့် ပန်းတိုင်ရည်မှန်းချက်သီးနှံ ၁၀ မျိုးတွင် နှစ်စဉ်မြန်မာကျပ်ငွေ ၃၇၆၅ ဘီလီယံခန့် လျော့နည်းနစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ထိခိုက်နစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် စိုက်ဧကအတိုင်း သီးထပ်စွမ်းအားပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအများအပြား၌ပင် စိုက်ပျိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်နေရဆဲဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည်ပင်လျှင် စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ အများအပြားတင်ပို့နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries)၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်တွင် အတန်းပညာမြင့်မားပြီး အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ များစွာရရှိရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးကို ကြည့်မည်ဆိုပါက ခေတ်အဆက်ဆက်တွင် အားနည်းလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အတတ်ပညာ၊ အသိပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကသာလျှင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ အတန်းပညာမှတစ်ဆင့် အတတ်ပညာ၊ အသိပညာများကို ပိုမိုပြည့်စုံအောင်ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် KG+9 အထိ မသင်မနေရပညာရေးစနစ်ကို ချမှတ်ထားပြီး ပညာတတ်လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရှင်များ ပိုမိုပေါ်ထွက်လာစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာဘာသာရပ်များကို အခြေခံပညာအလယ်တန်းနှင့် အထက်တန်းတို့တွင် သင်ကြားပေးလျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်လူရွယ်များကို ဆက်လက်အားပေးမွေးထုတ်ပေးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
မွေးမြူရေးလုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း အသား၊ ငါး ဈေးနှုန်းများ ကြီးမြင့်လျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ဒေသတွင်းစားသုံးမှုဖူလုံမှုမှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးဖူလုံရေးကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါက အသား၊ ငါးများ၏ ကုန်ဈေးနှုန်းများသည်လည်း ကျဆင်းလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့် တိရစ္ဆာန်အစာများကို ပိုမိုတိုးမြှင့်ထုတ်လုပ်၍ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကိုလည်း လျှော့ချနိုင်စေမည်ဖြစ်ကြောင်း။
ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၂၀၂၄-၂၀၂၅ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၆၉ နှစ်ဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများထက် နည်းပါးနေဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်း ကျန်းမာရေးကောင်းမွန်ရန်လိုကြောင်း၊ လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကောင်းမွန်ရန်အတွက် စီးပွားရေးကောင်းမွန်ရန်လိုပြီး စီးပွားရေးကောင်းမွန်မှသာလျှင် နေထိုင်စားသောက်မှု၊ ပညာသင်ကြားမှုများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပညာရေးအားကောင်းမွန်လာခြင်းနှင့်အတူ လူမှုစီးပွားဘဝများ သည်လည်း တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံသားတိုင်း သက်ရှည်ကျန်းမာသည့် လူမှုဘဝကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးတွင် ဝါစိုက်ပျိုးမှုအနေဖြင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဝါကိုစိုက်ပျိုးကြပြီး မန္တလေးတိုင်းဒေသကြီးသည် ဒုတိယအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက် နိုင်မည်ဆိုပါက ဒေသနှင့် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရက်ကန်းလုပ်ငန်းများ တိုးတက်လာစေရေးအတွက်လည်း တာဝန်ရှိသူများနှင့် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝါမှချည်နှင့်ချည်ထည်များကို ထုတ်လုပ်နိုင်သကဲ့သို့ ဝါစေ့ဆီနှင့် ဝါကြိတ်ဖတ်မှ တိရစ္ဆာန်အစာများကို ထုတ်လုပ်နိုင်ကြောင်း၊ ဝါဖန်စက်များကိုလည်း စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး အောင်မြင်ပြီးပါက ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများ မန္တလေးတိုင်းဒေသကြီးအတွင်း တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ထုတ်ကုန်ပစ္စည်းများအနေဖြင့် ဈေးကွက်ရရှိရန်လိုအပ်မည်ဖြစ်ပြီး ရောင်းကုန်ပစ္စည်းများလည်း ဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသားတိုင်းတွင် စီးပွားရေးအသိအမြင်များ ရှိရန်လည်းမဖြစ်မနေ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်များ၌ စီးပွားရေးပညာရပ်များကို ထည့်သွင်းသင်ကြားပေးလျက်ရှိနေခြင်းဖြစ်ကြောင်း၊ “ပစ္စည်းချင်းတူပါက ဈေးနှုန်း သက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်” ဖြစ်ပြီး ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း။
ဆောင်ရွက်သည့် စနစ်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းတွင် အားနည်းသူများစုပေါင်း၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ အောင်မြင်လာပြီး ဝင်ငွေများပိုမိုရရှိလာကြမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် သမဝါယမစနစ်ကို ကျင့်သုံးလျက်ရှိနေကြကြောင်း။
လာမည့် ဇွန် ၁ ရက်နေ့ဆိုပါက ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုလ ၂၅ ရက်နေ့မှစ၍ ကျောင်းအပ်နှံရေးရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေး၊ ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
ရေရရှိရေးနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ရေဖူလုံစွာရရှိရေး၊ ရှိပြီးဖြစ်သည့် အရင်းအမြစ်များကို အကျိုးရှိအောင်အသုံးချ၍ ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိမ်းလန်းစိုပြည်ရေးနှင့် ပတ်သက်၍ ရာသီဥတုပူပြင်းလာခြင်းကို မိမိတို့အနေဖြင့် ပြောင်းလဲ၍မရနိုင်သော်လည်း သက်သာအောင် ဆောင်ရွက်နိုင်ကြောင်း၊ ရပ်ရွာများ၊ မြို့များအလိုက် သစ်ပင်များ စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် စနစ်တကျဖြင့် သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ပူပြင်းသည့် ရာသီဥတုကို တွန်းလှန်နိုင်မည်ဖြစ်သကဲ့သို့ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်နှင့် ညီညွတ်မျှတသည့် ရာသီဥတုရရှိစေနိုင်မည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်သည့် မြင်ကွင်းများကို မြင်တွေ့ရခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် ရာသီဥတုကို ရရှိစေခြင်းတို့ဖြင့် မျက်စိပသာဒကို ဖြစ်ပေါ်စေပြီး လူများ၏စိတ်နှလုံးကိုအေးမြစေသည့် အကျိုးကျေးဇူးကို ရရှိစေမည်ဖြစ်ကာ ဒေသသို့ လာရောက်လည်ပတ်သူများလည်း များပြားလာစေမည်ဖြစ်ကြောင်း၊ “အိမ်သာလျှင် ဧည့်လာမည်” ဟူသည့်အတိုင်း မိမိတို့ဒေသသာယာလှပရေး၊ ဒေသ၏ ရိုးရာအမွေအနှစ်များ၊ ရိုးရာအဝတ်အစားနှင့် အစားအသောက်များ ကောင်းမွန်စေရေး၊ ဝန်ဆောင်မှုကောင်းပေးနိုင်ရေးတို့ကို အားလုံးကဝိုင်းဝန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်းခရီးသွားများဝင်ရောက်ခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သဖြင့် ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သည့်အတွက် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြခဲ့ကြသည်။
#News #MNP

No comments:
Post a Comment