ရန်ကုန်၊ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ် မြန်မာ (GAP) အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ UMFCCI မင်္ဂလာခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ အတွင်းရေးမှူး ဦးနေဝင်းအောင် နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဌ ဦးအေးဝင်း မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး စိုက်ပျိုးမွေးမြူရေးကော်မတီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် မှ နိုင်ငံတကာဈေးကွက်သို့ လယ်ယာထွက်ကုန်သီးနှံများ ထိုးဖောက်တင်ပို့ရာတွင် (GAP) စနစ်၏ အရေးပါမှုကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအုန်းဆိုင် မှ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ၏ ဈေးကွက်အခြေအနေများကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်နိုင် မှ (GAP) အသိအမှတ်ပြုလက်မှတ် ပေးအပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ပဲတီစိမ်း စိုက်ပျိုးဧက (၉,၂၂၀) ပေါ်တွင် စိုက်ပျိုးလျက်ရှိသော တောင်သူ (၈၃၉) ဦးနှင့် ဆလပ်ရွက် စိုက်ပျိုးတောင်သူများအား ကိုယ်စားပြုတောင်သူများမှတစ်ဆင့် မြန်မာ GAP အသိအမှတ်ပြုလက်မှတ် စုစုပေါင်း (၁၄) စောင်ကို ပေးအပ်ချီးမြှင့်သည်။
#MNP #News






No comments:
Post a Comment