ရန်ကုန်၊ မေ ၁၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် လာမည့် ထိုင်း၊ ဥဇဘတ်ကစ္စတန် တို့နှင့် AYA Bank Tri-Nations Cup (Women Friendly) အပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် ပြင်ဆင်မှုတစ်ရပ်အနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်အသစ်အဖြစ် ဂျပန်လူမျိုးနည်းပြ မစ္စတာ မစ်ဆူအို ကာတို (Mr. Mitsuo Katoh) ကို (၂) နှစ်သက်တမ်းရှိ စာချုပ်ဖြင့် တရားဝင်ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အသက် (၄၆) နှစ်အရွယ်ရှိ နည်းပြချုပ်သစ် မစ္စတာ မစ်ဆူအို ကာတို သည် AFC Pro License ကို ကိုင်ဆောင်ထားသူဖြစ်ပြီး အာရှဘောလုံးလောက၊ အထူးသဖြင့် ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် နည်းပြအတွေ့အကြုံ ရင့်ကျက်ကာ အမျိုးသမီးဘောလုံးလောကတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ဖူးသူ ဖြစ်သည်။
မစ္စတာ မစ်ဆူအို ကာတို သည် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအဖြစ် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်များတွင် တာဝန်ယူခဲ့ပြီး အသင်းကို AFF Championship ဒုတိယဆု (၂၀၁၉) နှင့် (၃၀) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ရအသင်းများတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ထိုင်းလိဂ်ကလပ်အသင်းကြီးများဖြစ်သည့် Chonburi FC၊ BG Pathum United၊ Samut Prakan City တို့တွင် လက်ထောက်နည်းပြ၊ နည်းစနစ်ပိုင်းဆိုင်ရာ အချက်အလက်ခွဲခြမ်းစိတ်ဖြာသူ (Technical Analyst) နှင့် နည်းစနစ်ဒါရိုက်တာ တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသည်။
၎င်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ထိုင်းအမျိုးသားလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၂၄ အာရှဖလားပြိုင်ပွဲတွင် ထိုင်းအသင်း (၁၆) သင်းအဆင့် တက်ရောက်နိုင်အောင် ပါဝင်ကူညီပေးခဲ့သူ ဖြစ်သည်။ ဂျပန်ကလပ်အသင်းများဖြစ်သည့် Kyoto Sanga နှင့် Tegevajaro Miyazaki အသင်းတို့တွင်လည်း နည်းပြတာဝန်များ ရယူခဲ့ဖူးသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နည်းပြချုပ်သစ် မစ္စတာ ကာတို ၏ ဦးဆောင်မှုနှင့်အတူ လာမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်မှုများကို မကြာမီ စတင်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
#MNP #News



No comments:
Post a Comment