စစ်တွေ၊ မေ ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေ ကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး အခြေခံပညာအထက်တန်းကျောင်းများ သန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်းရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ UNHCR ဌာနေကိုယ်စားလှယ် Mr Barnaby Edward Jonesနှင့်အဖွဲ့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌တွေ့ဆုံသည်။ တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအား ထောက်ပံ့ပေးနေမှုနှင့် IDPs စခန်းများတွင် နေထိုင်ကြသူများအား ထောက်ပံ့ပေးနေမှုနှင့် ဆက်လက် ထောက်ပံ့ပေးမည့်ကိစ္စများနှင့် ဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်း သို့သွားရောက်ကြပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူ များအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများရောက်ရှိနေမှုကို ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်သို့ သွားရောက်ပြီး စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်စာစောင်များ စနစ်တကျ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာ ဗဟု သုတများတိုးပွားလာစေရန် ဆရာ၊ ဆရာမအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ခြင်း အစီအစဉ်များကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းအပ်နှံရေးနေ့ သတင်းပတ်မတိုင်မီ အခြေခံပညာကျောင်း များအားလုံး အသင့်ဖြစ်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သော စာအုပ်စာစောင် များအား ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ရေအိမ်များ စနစ်တကျ ကောင်းမွန်စွာအသုံးပြုနိုင်ရေး၊ စာသင်ခန်းများအားလုံး အမိုးအကာလုံခြုံရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ဆိုလာစနစ်ဖြင့် လိုအပ်သောလျှပ်စစ်မီးရရှိအသုံးပြုနိုင်ရေး၊ ကျောင်းသား ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ အကြောင်း အမျိုးမျိုးကြောင့် ပြင်ပရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းသို့ ရောက်ရှိစေရေး တို့ကို မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းခြံအတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် သန့်ရှင်းရေးအဖွဲ့က စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သွားရောက်ကြပြီး ကျောင်းသုံး ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများ ရောက်ရှိနေမှု၊ စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်စာစောင်များ စနစ်တကျ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေး၊ ကျောင်းများဥပဓိရုပ်ကောင်းမွန်းရေးအတွက် သန့်ရှင်းရေးအဖွဲ့က စွန့်ပစ် အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြသည်။
မေ ၁၃ ရက်နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် စစ်တွေမြို့၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီ(က)ရပ်ကွက်၊ တေဇာရာမ ဝိပဿနာဘုန်းတော်ကြီးကျောင်းနှင့် စက်ရုံစုရပ်ကွက်၊ သာသနာ့ရာမ ဘုန်းတော်ကြီးကျောင်းတို့၌ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောက်လုပ်မည့် (၆၀’x၃၀’) RC (၁)ထပ် ဓမ္မာရုံနှင့်ကျောင်းဆောင် ဆောက်လုပ်မည့် နေရာအားသွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက် မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးရေး စနစ်တကျဆောင်ရွက်သွားကြရန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ကြပြီး စစ်တွေ တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တက္ကသိုလ်မှတာဝန် ရှိသူများနှင့် တွေ့ဆုံကြသည်။ တွေ့ဆုံစဉ် စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်က စစ်တွေတက္ကသိုလ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး၊ အားကစားကွင်းများကောင်းမွန်ရေး တို့အတွက် ဆောင်ရွက်မည့်အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဆောင်ရွက်မည့်နေရာများ၊ စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး ဆောင်ရွက်မည့် နေရာများ၊ အားကစားလေ့ကျင့်ရေးခန်းမ သန့်ရှင်းသာယာရေး အားကစားပစ္စည်းများ ကျောင်းသား၊ ကျောင်းသူများအသုံးပြုနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများ၊ ဖူဆယ်အားကစားကွင်း ကောင်းမွန်ရေး ဆောင်ရွက်မည့်အခြေအနေများ၊ ယခင်နှစ်မိုးရာသီတွင် စိုက်ပျိုးထားသောသစ်ပင်များဖြစ်ထွန်း အောင်မြင်နေမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန်လိုအပ်သည့်အခြေအနေများ၊ တက္ကသိုလ်ဓမ္မာရုံအား ဆက်လက်တည်ဆောက်နိုင်ရေးဆောင်ရွက်မည့် အစီအမံများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြ ကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေတက္ကသိုလ်သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရေးနှင့် အားကစားပစ္စည်းများ ကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားကြရန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ် စာသင်ဆောင်ခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာသင်တန်း(Main Course) တက်ရောက် နေမှုအား သွားရောက်ကြည့်ရှုအားပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်က KG+ 9 အခမဲ့ပညာရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးကဏ္ဍမြင့်မားရေးအတွက် နှစ်စဉ် ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိကြောင်း၊ ကလေးငယ်များ၏ ပညာရည်မြင့်မားရေးအတွက် မိမိတို့ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့် ကလေးငယ်များကို ကျောင်းနေပျော်၍ စာတော်သော ကလေးငယ်များဖြစ်လာအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက် ပေးကြစေလိုကြောင်းပြောကြားပြီး ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် တောင်သူဦးကြီးများ လာရောက်လေ့လာနိုင်ရန် စနစ်ကျလယ်ယာမြေဖော်ထုတ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း ၊ ဓာတ်ပုံ- ဝင်းမင်းစိုး
#MNP #News





No comments:
Post a Comment