အုပ်ကြီး လုပ်စားသူ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုပ်ကြီး လုပ်စားသူ

 


နိုင်ငံတော်အကြီးအကဲကတော့ ဥပဒေစိုးမိုးရေး၊ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရ စသည်အားဖြင့် ပြောဆိုနေတာကို တွေ့မြင်ကြပါလိမ့်မယ်။ ဥပဒေစိုးမိုးရေးက အောက်ခြေအဆင့်မှာတောင် ဥပဒေလက်တစ်လုံးခြား လုပ်နေကြတာဆိုတော့ နိုင်ငံတော်အကြီးအကဲရဲ့ မျှော်လင့်ချက်ကို ရောက်ဖို့ နောင်နှစ်ပေါင်းများစွာ ကြိုးစားရလိမ့်အုံးမယ်လို့ မြင်မိပါတယ်။

မွန်ပြည်နယ်လွှတ်တော်မှာလည်း အုပ်ချုပ်ရေးမှူးရွေးချယ်တာနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေက ထောက်ပြမေးမြန်းသွားတာတွေကို တွေ့လိုက်ရတယ်။ (ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ရရှိရန်အတွက် ဆရာတင်တပည်ခံပြီးပြင်ဆင်နေကြသည်ဟု ဘီးလင်းမြိုနယ် လွှတ်တော်ကိုယ်စားလှယ်ဆို ) ဆိုတဲ့ သတင်းကို ရာမညအသံသတင်းဌာန မှာ ဖော်ပြသွားပါတယ်။

သတင်းဖော်ပြချက်မှာ "တတိယအကြီမ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး(စတုထ္ထနေ့)တွင် ဘီးလင်းမြိုနယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီကမေးခွန်း မေးမြန်ရာတွင်ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေလုးမှူးများတွင်လုပ်ပိုင်ခွင်ကို စိတ်ရင်း စေတနာမှန်ဖြင့်ကိုယ်ချင်းစာတရား မေတ္တာပွား၍ ပြည်သူ့အကျိုးသယ်ပိုးကြသူများရှိသလို လုပ်ပိုင်ခွင့်ကို အခွင့်အရေးတရပ်အနေဖြင့် ကိုယ်ကျိုးစီးပွား ဆောင်ရွက်ကြသူများလည်းရှိကြပါတယ်ဟု ဦးတင်ရီက ပြောကြားခဲ့ကြောင်း၊ ရပ်သူရွာသားအစဉ်အဆက် လေးလးစားလိုလားကြသူများရှိသလို ဆရာတင် တပည့်ခံ ကိုယ်ကျိုးရှာအတ္တကြီးမားစွာ လုပ်ပိုင်ခွင်နေရာတည်မြဲခြင်း ရရှိအောင်ရှိနေပြီးပြင်ဆင်နေကြကြောင်းလည်းပြည်သူများထံမှသိကှိရသည်ဟု ဦးတင်ရီက မေးခွန်း မေးမြန်းရာတွင်ထည့်သွင်း ပြောကြားခဲ့ကြောင်း ဖော်ပြပါတယ်။

ဘီးလင်းမြိုနယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ ရဲ့ ထောက်ပြပြောဆိုမှုတွေက မမှားပါဘူး။ အမှန်ပါပဲ။ အဲဒီလိုမျိုးဖြစ်အောင် လုပ်နေကြတာပါ။

ဒီဆောင်းပါးကို ရေးရခြင်းက အုပ်ချုပ်ရေးမှူးတွေကို တိုက်ခိုက်လိုခြင်းမဟုတ်ပါဘူး။ အများပြည်သူအကျိုးအတွက် ဖြောင့်မတ်မှန်ကန်စွာ လုပ်ဆောင်နေတဲ့ မိတ်ဆွေ အုပ်ကြီးတွေလည်း ရှိပါတယ်။ အများပြည်သူအကျိုးလို့ ဆိုရာမှာ အနီးစပ်ဆုံး ကိုယ့်ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းမှာ ရှိတဲ့ ပြည်သူတွေရဲ့ အကျိုးကို ဆောင်ရွက်ခြင်းဟာ လက်တွေ့ကျတဲ့ လုပ်ရပ်ဖြစ်ပါတယ်။


ကျွန်တော့်မိတ်ဆွေ အုပ်ကြီးတစ်ယောက်ကတော့ ဧည့်စာရင်းလာတိုင်လို့ ဘယ်လောက်ပေးရမယ်ဆိုတာ သတ်မှတ်မထားဘူး။ အိမ်ရောင်း၊ ခြံရောင်း လက်မှတ်ထိုးပေးလို့ ဘယ်လောက်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့အလုပ်မှာ သူလုပ်ပေးရမယ့် အလုပ်ကို လုပ်ပေးလိုက်ဖို့ပဲ။ ပေးခြင်း မပေးခြင်းအပေါ် မျှော်လင့်မထားသလို ပေးလာရင် ရုံးမှာရှိတဲ့ စာရေး၊ လာရောက်ဝိုင်းကူလုပ်ပေးနေတဲ့ ကလေးတွေကို ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။

(မှတ်ချက် - တချို့သော အုပ်ကြီးများမှာ အိမ်ခြံမြေပွဲစားများပမာ လက်မှတ်ထိုးပေးဖို့ သတ်မှတ်ချက်နဲ့အညီ ပေးရတာတွေရှိ)


အခြား မိတ်ဆွေ အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုရင် ပြည်သူ့စစ်မှုထမ်း ခေါ်ရခက်ခဲတဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းနေသလဲဆိုရင် စစ်မှုထမ်းတာဝန်ထမ်းဆောင်မယ့် လူငယ်တစ်ယောက်ကို ရပ်ကွက်အနေနဲ့ သိန်း(၄၀) ပံ့ပိုးမယ်။ စစ်မှုထမ်းချင်သူ လာပြီးစာရင်းပေးလို့ရတယ်။ အဲဒီလို ပံ့ပိုးဖို့ ရပ်ကွက်က စုပေါင်းထည့်ဝင်ဖို့အတွက်လည်း အဓမ္မ တစ်အိမ်ဘယ်လောက်ထည့်ရမယ်လို့ အေးဓားမြမတိုက်ဘူး။ ထည့်ချင်တဲ့သူ ထည့်လို့ရတယ်။ လိုတာကို သူစိုက်ပြီး ပံ့ပိုးပေးတယ်။ အဲဒီလို မကောက်ခံတော့ ထည့်တဲ့သူတွေကလည်း သဒ္ဓါကြည်ဖြူ ဝိုင်းဝန်းပံ့ပိုးကြတယ်။ အုပ်ကြီးလည်း အဆင်ပြေ၊ ရပ်ကွက်နေပြည်သူများလည်း အဆင်ပြေ၊ စစ်မှုထမ်းတဲ့ လူငယ်အတွက်လည်း အဆင်ပြေ။ ဘယ်လို ပြောရမလဲဆိုရင် win - win သီအိုရီ ဆိုတာကို win - win - win သီအိုရီ လုပ်ပစ်လိုက်တဲ့ အုပ်ကြီးလို့တောင် ပြောရမလားပဲ။

(မှတ်ချက် - တချို့ အုပ်ကြီးတွေကတော့ စစ်မှုထမ်းကြေးဆိုပြီး သောင်းနဲ့ သိန်းနဲ့ချီ ကောက်ခံနေကြတာပဲ။ အများပြည်သူမှာ အလွဲသုံးစားလုပ်နေမှန်း သိသော်လည်း မဖွင့်ဟရဲကြပါဘူး။)


တချို့တွေကတော့ အုပ်ချုပ်ရေးမှူး လုပ်လိုခြင်းဟာ အများပြည်သူအကျိုးကို ဆောင်ရွက်လိုခြင်းမဟုတ်ဘဲ အုပ်ကြီးလုပ်စားနေကြတဲ့ အခြေအနေကို ပြောလိုခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ ဘိုကလေးဘက်က ကျေးရွာအုပ်စုတစ်ခုမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခဲ့ပုံကို ရေးသားဖော်ပြခဲ့ပြီးပါပြီ။ အုပ်ချုပ်ရေးမှူး အရွေးခံတဲ့သူထဲမှာ ဖဲသမားပါတယ်။ ဖဲသမားဆိုတာ နယ်နယ်ရရ မဟုတ်ဘူး။ တောရောမြို့ပါမကျန် နာမည်ကြီး ဖဲသမားပါ။ အဲဒီ ဖဲသမားဟာ ယခင် အုပ်ချုပ်ရေးမှူး ၂ဆက်လည်း လုပ်ခဲ့ပြီးပါပြီး။ အဲဒီလို လုပ်ဆောင်ခဲ့တဲ့ နေရာမှာ ဖဲသမားဖြစ်စေ၊ အရက်သမားဖြစ်စေ ရပ်ရွာအကျိုး လုပ်ဆောင်သူဆိုရင် ပြောဆိုဖွယ်ရာ မရှိပါဘူး။ ဖဲသမားအုပ်ချုပ်ရေးမှူး လုပ်ခဲ့တဲ့ ကာလတလျှောက် ကျေးရွာအုပ်စုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်က ပြစရာမရှိဘူး။ 

အမှန်တကယ်ဆိုရင် ဥပဒေအရ အုပ်ချုပ်ရေးမှူး ၂ဆက် လုပ်ခဲ့ပြီး ဖြစ်လို့ ဝင်ရောက်ရွေးချယ်ခံခွင့် မရှိတော့ပါဘူး။ ဖဲသမားဆိုတော့လည်း ဥပဒေကို မသိဘူး။ ကြီးကြပ်ရေးလုပ်သူတွေကလည်း ဥပဒေကို မသိကြဘူးလားပဲ။ ဖဲသမား ပြန်ပြီး အရွေးခံပြန်တယ်။ မဲပေးကြတော့ ဖဲသမားကိုပဲ မဲပေးများကြတယ်။ လူနည်းစုကတော့ ပညာတတ်၊ လုပ်ရည်ကိုင်ရည်ရှိ၊ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နိုင်စွမ်း ရှိသူတွေကို ဖြစ်စေချင်ကြပေမယ့် အများစုက ဖဲသမားကို မဲပေးကြမှတော့ ဖဲသမားပဲ အုပ်ကြီး အရွေးခံရတယ်ပေါ့။ ဖဲသမားနဲ့ ယှဉ်ပြီး ပြိုင်မိတဲ့သူတွေမှာ ရှက်စရာဖြစ်ခဲ့ရတယ်။

ဖဲသမားကို ပြန်ပြီးရွေးချယ်တာနဲ့ ပတ်သက်လို့ စာရေးသူရင်ထဲမှာလည်း မချိတင်ကဲ ဖြစ်နေတာကြောင့် အဲဒီကျေးရွာအုပ်စုအတွင်းက လူတွေကို ဆက်သွယ်ပြီး မေးမြန်းကြည့်တယ်။ သေသေချာချာမေးမြန်းကြည့်တဲ့အခါကြတော့ ဖဲသမားကို ဘာကြောင့် မဲပေးကြသလဲဆိုတဲ့ အဖြေကို ရတယ်။ ဖဲဒိုင်ခံလို့ရတယ်၊ ဖမ်းမယ့်သူမရှိဘူး။ အရက်ဆိုင် ဖွင့်ချင်တိုင်း ဖွင့်လို့ရတယ်၊ ဖမ်းမယ့်သူ မရှိဘူး။ အခု ဖဲသမားကို ပြန်ရွေးပြီးနောက်ပိုင်း အခုရွာတွေမှာ အဲဒီလိုတွေ ဖြစ်နေပြီ။ လွတ်လပ်ရေးရနေပြီပေါ့ဗျာ။

ထပ်ပြီးတော့ ကြားသိရတဲ့ သတင်းအရ - ဖဲသမားက အုပ်ကြီးလုပ်တယ်ဆိုတာ ရပ်ကျိုးရွာကျိုး သယ်ပိုးထမ်းဆောင်ဖို့ မဟုတ်ဘူးဆိုတဲ့ အဖြေကို ရတယ်။ နိုင်ငံတော်က ကျေးရွာတွေကို ပံ့ပိုးတဲ့ ငွေကြေး၊ ပစ္စည်းတွေ အလွဲသုံးစားလုပ်တယ်။ လယ်သမားတွေအတွက် ထုတ်ပေးတဲ့ ပစ္စည်းတွေ အလွဲသုံးစားလုပ်တယ်။ အဲဒီလို လုပ်စားနေရုံမျှမက တောင်သူတွေအတွက် ထုတ်ပေးတဲ့ငွေကို ထုတ်သုံးတယ်။ တောင်သူတွေ ပြန်ဆပ်တဲ့ငွေကို အလွဲသုံးစားလုပ်ထားတယ်။ စိုက်ဘဏ်ကလည်း လယ်သမားဆိုရင်တော့ တရားစွဲမယ်၊ အရေးယူမယ်ပေါ့။ အုပ်ကြီးဆိုတော့ အမှုမဖွင့်၊ တရားမစွဲဘူး။ 

ဖဲသမား အုပ်ကြီးအဖြစ် ပြန်အရွေးခံခြင်းက အဲဒီလို အလွဲသုံးစားလုပ်ထားတာတွေကို ကာဗာလုပ်နိုင်အောင် ပြန်အရွေးခံခြင်း ဖြစ်ပါတယ်။ ရွာသားတွေက ဖဲသမားကို ပြန်ရွေးကြတယ်ဆိုတာကတော့ အထက်မှာ ဖော်ပြခဲ့သလိုပဲ ဖဲဒိုင်ခံလို့ရမယ်၊ အရက်ပုန်းရောင်းလို့ရမယ် သူတို့ရဲ့ မျှော်လင့်ချက်အတွက် ဖဲသမားကို ပုံအော မဲပေးခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း ပြောပြတယ်။ နီပိန်းတွေ အုပ်ကြီးလုပ်ချင်လို့ လာပြောနေတဲ့အကြောင်း၊ ရဲရဲတောက် အမေ့သားဆိုသူတွေက NLD နဲ့ မပတ်သက်တော့တဲ့အကြောင်း၊ ယခုအစိုးရလက်ထက်မှာ အုပ်ကြီးလုပ်ချင်ကြောင်း အစရှိသဖြင့်ပေါ့။ ဒါတွေကတော့ နီပိန်း လူလည်တွေ ဖြစ်မှာပေါ့ဗျာ။ သူတို့ ပြောတဲ့ သာကူးဆိုတာမျိုးတွေပေါ့။ သတိတော့ ထားကြပေါ့လေ။ နီပိန်းတွေ နှောက်လို့ ကမောက်ကမဖြစ်ခဲ့ရတဲ့ သင်ခန်းစာတွေလည်း ထုနဲ့ဒေး ဖြစ်နေပါပြီ။ သတိလေးထားကြဖို့တော့ ပြောပါရစေ။

ဒီလို ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် သုံးသပ်တဲ့အခါ နိုင်ငံတော်အကြီးအကဲပြောတဲ့ ဥပဒေစိုးမိုးရေးဆိုတာတွေ၊ ဒေသဖွံ့ဖြိုးရေးဆိုတာတွေဟာ ရွာသူရွာသားတွေအတွက် ဖဲဒိုင်ခံခွင့်ရဖို့၊ အရက်ပုန်းရောင်းခွင့်ရဖို့လောက် အရေးပါမနေဘူး။ အုပ်ကြီး လုပ်တယ်ဆိုတာလည်း အများပြည်သူကို ကောင်းကျိုးပြုနိုင်ဖို့ ဆိုခြင်းထက် နိုင်ငံတော်က အများပြည်သူအတွက် ချထားပေးသည်များကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာဖို့ အုပ်ကြီး လုပ်စားသူများလည်း ရှိတယ်ဆိုတာလေးကို သံဝေဂယူနိုင်စေဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေခံအုပ်ချုပ်ရေးအဖွဲ့အစည်းကိုတောင် စနစ်တကျဖြစ်အောင် ဆောင်ရွက်နိုင်စွမ်း မရှိသေးဘူးဆိုရင် အခြားလိုအပ်ချက်တွေ ဘာပြောလို့ ရအုန်းမလဲ။ ပြည်သူတွေရဲ့ လိုအပ်ချက်ကို လုပ်စား အုပ်ကြီးတွေက အလေးထားပါ့မလား။ စဉ်းစားကြပေတော့။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)