ဗီယင်နာ၊ ဇွန် ၂၇
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အဖြစ် အထူးအခမ်းအနားတစ်ရပ်ကို ၂၆-၆-၂၀၂၆ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗီယင်နာမြို့ အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မူးယစ်ဆေးဝါးဆိုင်ရာကော်မရှင် (Commission on Narcotic Drugs) ၏ (၆၉) ကြိမ်မြောက်အစည်းအဝေး သဘာပတိဖြစ်သူ အာမေးနီးယားအဖွဲ့ရုံးမှ အမြဲတမ်း ကိုယ်စားလှယ် H.E. Amb. Andranik Hovhannisyan နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ပြစ်မှု ဆိုင်ရာရုံး (UNODC) အမှုဆောင်ညွှန်ကြားရေးမှူး Ms. Monica Juma တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် UNODC ၏ ၂၀၂၆ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာပါ အချက်အလက်များကို အဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးရာတွင် ယနေ့ကျရောက်သည့် (၃၉) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့မှု၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ အထူးစစ်ဆင်ရေးများဖြင့် ဒေါ်လာ ၆၈၀ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများအပြင် ဘိန်းချက်စခန်း ၂၀ ခုနှင့် ဆေးပြားရိုက်စက် ၄၁ လုံးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့မှု၊ PEN စနစ်နှင့် PEN Online Light စနစ်များဖြင့် ဓာတုပစ္စည်းတင်သွင်းမှုကို တင်းကျပ်စွာ ကြီးကြပ်နေမှု၊ ဘိန်းစိုက်ပျိုးရာ ဒေသများတွင် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများဖြင့် ရေရှည်တည်တံ့ သော လူနေမှုဘဝ မြှင့်တင်ပေးနေမှုနှင့် ကျောင်းများ၊ လူထုအခြေပြုကွင်းဆင်းလုပ်ငန်းများနှင့် မီဒီယာကဏ္ဍစုံမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် မှောင်ခို ရောင်းဝယ်ခြင်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်စပ် ဒေသများတွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် တရားမဝင်လုပ်ငန်းများမှ ရရှိလာသော အကျိုးအမြတ်များကို ၎င်းတို့၏ စစ်ဆင်ရေး ရန်ပုံငွေအဖြစ် သုံးစွဲခြင်းနှင့် လက်နက်များ ဝယ်ယူခြင်း တို့တွင် အသုံးပြုကြောင်း၊ ယင်းပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်ရန်အတွက် မြန်မာအစိုးရအနေဖြင့် ဥပဒေစိုးမိုးရေးအပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာကို ဘက်စုံ ဟန်ချက်ညီညီ ဖြေရှင်းနိုင်ရေးအတွက် UNODC၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း ပြောကြားခဲ့သည်။
#MNP #News


No comments:
Post a Comment