ဆိုးလ်၊ ဇွန် ၂၇
တောင်ကိုရီးယားသွင်းကုန်ပြပွဲ (Korea Import Expo 2026 - KIE 2026) ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ COEX (Hall B) ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏အစီအစဉ်ဖြင့် မြန်မာပြခန်း (Myanmar Pavilion) ပါဝင်ပြသပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။
KIE 2026 ပြပွဲကို တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ Korea Trade-Investment Promotion Agency (KOTRA) နှင့် ဆိုးလ်မြို့ရှိ နိုင်ငံခြားသံရုံးများ၏ ပူးပေါင်းပါဝင်မှုဖြင့် Korea Importers Association (KOIMA) က ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါပြပွဲသည် နိုင်ငံတကာမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ကိုရီးယားဈေးကွက်နှင့် ချိတ် ဆက်ပေးရန်၊ Global Supply Chain ချဲ့ထွင်ရန်နှင့် Business Matching အခွင့်အလမ်းများ ဖန်တီး ပေးရန် ရည်ရွယ်သည့် တောင်ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော သွင်းကုန်အထူးပြု B2B ကုန်စည် ပြပွဲဖြစ်သည်။
ပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် ကျင်းပခဲ့ရာ KOIMA ဥက္ကဋ္ဌ၊ ဆိုးလ်မြို့ရှိ သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ASEAN-Korea Centre (AKC)အတွင်းရေးမှူးချုပ်၊ AKC မှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ပါ သည်။ KIE 2026 ပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံကိုယ်စားပြု ပြခန်းများ၊ ကုမ္ပဏီများနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်း စုစုပေါင်း ၅၅ ခုတို့က ပြခန်းပေါင်း ၁၆၆ ခန်းဖြင့် ပါဝင်ပြသခဲ့သည်။
မြန်မာပြခန်းကို ပြခန်းအမှတ် F06 ၌ ဖွင့်လှစ်ပြသခဲ့ပြီး စီးပွားရေးသံမှူး ဒေါ်ဝင်းပပသူ က ဦးစီးကာ မြန်မာ့ပေါ်ဆန်းမွှေးဆန်၊ ကော်ဖီ၊ မြန်မာဘီယာ၊ ပဲအမျိုးမျိုး၊ အသင့်စား စားသောက် ကုန်များ၊ ထောပတ်သီးဆီ (Avocado Extra Virgin Oil) နှင့် မြန်မာ့လက်မှုပစ္စည်းများ ဖြစ်သည့် ယွန်းထည်နှင့် ကြိမ်ထည်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွား ဆွဲဆောင်မှုဒေသများနှင့် ခရီးစဉ်များကို Digital Display ဖြင့် ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြသည်။
မြန်မာပြခန်းသို့ လာရောက်လေ့လာသူများကို မြန်မာ့ထွက်ကုန်ပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးဆိုင်ရာ အခြေအနေများကို စီးပွားရေးသံမှူးနှင့် မြန်မာသံရုံးမှတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ဆောင်ရွက်လိုသည့် အကြောင်းအရာ အလိုက် Business Matching ဆွေးနွေးမှုများကို လက်ခံဆောင်ရွက်ပေးခဲ့သည်။
Korea Import Expo 2026 သို့ လာရောက်ကြသည့် ဧည့်သည်တော်များသည် မြန်မာပြခန်း တွင်ပြသထားသော မြန်မာ့ ထောပတ်သီးဆီ (Avocado Extra Virgin Oil) ကို အထူးစိတ်ဝင်စား နှစ်သက်ကြပြီး မြန်မာ့ ပေါ်ဆန်းမွှေးဆန်၊ ကော်ဖီ၊ ပဲထောပတ် (အဖြူ/အနီ)၊ မြန်မာ့အသင့်စား စားသောက်ကုန်များနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အလားအလာများကိုလည်း စိတ်ဝင်တစား လေ့လာခဲ့ကြသည်။ ထို့အပြင် မြန်မာနိုင်ငံမှ Sakata အမျိုးအစား အပါအဝင် ငရုတ်သီးမျိုးစုံ ဝယ်ယူတင်သွင်းလိုမှုနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမှုများ၊ ပေါ်ဆန်းမွှေးဆန် နမူနာ ရရှိလိုသဖြင့် လာရောက်ဆွေးနွေးမှုများ ရှိခဲ့သကဲ့သို့ ဂေါက်သီး အားကစားအခြေပြု ခရီးသွားလုပ်ငန်း (Golf Tourism) ကို အခြေခံ၍ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်းသည့် အချက်အလက်များကိုလည်း မေးမြန်းဆွေးနွေးခဲ့ကြ သည်။
အဆိုပါ ဆွေးနွေးမှုများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများအပေါ် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တာဝန်ရှိသူများနှင့် စီးပွားရေးသံမှူးတို့က သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ညှိနှိုင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#MNP #News



No comments:
Post a Comment