Pages

Pages

ပေးဆပ်သူ


 ပေးဆပ်သူ


ကံအကြောင်းမလှ 

ချစ်ခင်ပွန်း အိမ်ကထွက်ခွါသွားတာ 

ရက်မှ လပြောင်းလို့

နှစ်တွေ အလီလီကြာ

စာမလာ သတင်းလည်းမကြား။

အမေမှာ သားသုံးယောက်အတွက်

ရုန်းကန်ရ ပင်ပန်းလှစွာ

ဘဝပေး အခြေအနေမွဲ

ဆင်းရဲလှစွာ

မိန်းမသားနဲ့မတန်

မိခင်လည်း ငါ၊ ဖခင်လည်း ငါ

သားသုံးယောက် လူ့အောက်မကျဖို့

ကြိုးစားရုန်းကန်။

ကုသိုလ်ဒါနနည်းလို့

မွဲရလည်း ဇွဲမလျှော့ပါ

အမေ ကြိုးစားနေမြဲပါ။

အမေ့ရဲ့ ဒဿန

အမေ့ရဲ့ မေတ္တာစကား

ငွေရှိရင်ရှိ ငွေမရှိရင် ပညာရှိမှ

လောကအလယ် တင့်တယ်မယ်

အမေ့မှာ ဥစ္စာအမွေ ပေးစရာမရှိ

ပညာကို ကြိုးစားကြပါ သားတို့ရယ်။

နှစ်ပေါင်း ဆယ်ချီကြာသော်မှ

သေသောသူ ကြာရင်မေ့

ပျောက်သောသူ ရှာရင်တွေ့

ခင်ပွန်းကို မျှော်ရင်းက

ငိုချင်းအခါခါချ

မိသားစု နွေးထွေးစွာ

အမေ နေချင်မှာပေါ့။

တခါတခါ အမေငိုညည်းတယ်

ပင်ပန်းလှပါပြီ

သားတို့ရဲ့ အဖေ ပြန်လာပါတော့

သားတို့ကိုလေ အဖေလက်ထဲထည့်

အမေ လူ့လောကကြီးထဲက 

ထွက်သွားချင်ပြီတဲ့။

ဘဝရဲ့ ပင်းပန်းဆင်းရဲမှုတွေနဲ့

ပေးဆပ်ခြင်းသက်သက်

စကားနောက် တရားပါ

အမေလေ အသက်တိုတိုနဲ့ 

လူ့လောကကို နှုတ်ဆက်သွားလေရဲ့။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment