မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၉)ကျောင်းမှ ဆရာတော်ကြီးများအား ဖူးမြော်၍ ဩဝါဒခံယူ၊ သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲ(ဗဟို) အဆင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၉)ကျောင်းမှ ဆရာတော်ကြီးများအား ဖူးမြော်၍ ဩဝါဒခံယူ၊ သုတစုံလင်ဗုဒ္ဓဝင် စာမေးပွဲ(ဗဟို) အဆင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်



မကွေး၊ ဇွန်  ၁၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပသော နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီး အမှူးပြုသော မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၉)ကျောင်းမှ ဆရာတော်ကြီးများအားဖူးမြော်၍ ဩဝါဒခံယူခြင်းနှင့် သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲ(ဗဟို)အဆင့်နှင့် တိုင်းဒေသကြီးအဆင့်တို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို  ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက အောင်မြေရတနာပရိယတ္တိစာသင်တိုက် မဟာအတုလရံသီ ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသံဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက သာသနာရေးဆိုင်ရာများလျှောက်ထား ကာ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မကွေးမြို့ သံဃာရာမကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ ဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မြို့သစ်မြို့နယ် လဲလူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကလျာဏ၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုမနတို့ထံမှ ဩဝါဒကထာ နာယူကြည်ညိုကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ပရိက္ခရာခြင်းနှင့် နဝကမ္မဝတ္ထုငွေတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပွဲ ဗဟိုအဆင့်တွင် (ဗုဒ္ဓဝံသဝိသာရဒဘွဲ့) တစ်နိုင်ငံလုံး ဒုတိယဆုရရှိသူ မဟေသာမျိုးထက်အား ဂုဏ်ပြုဆုငွေကျပ် သိန်း (၅၀)နှင့် မူလတန်းအဆင့်(ဗဟို) တစ်နိုင်ငံလုံး ဆဋ္ဌမဆုရ မဂျူးဂျူးစံအား ဂုဏ်ပြုဆုငွေကျပ်(၂၅)သိန်းနှင့် တိုင်းဒေသကြီးအဆင့်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်သည်။

ယင်းနောက် မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ၊ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မောင်ခိုင်မင်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)