၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့ The Great Hall ခန်းမ၌ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရှိကြောင်း၊ သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် (၇၆) နှစ်တာကာလအတွင်း အစဉ်အမြဲ အေးအတူပူအမျှ၊ အပြန်အလှန် ရိုင်းပင်းကူညီကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး (၅) ရပ်ကို ပူးတွဲအဆိုပြုပြီး လက်တွေ့ကျင့်သုံးခဲ့ကြောင်း၊ နိုင်ငံအချင်းချင်း တန်းတူရည်တူဆက်ဆံခြင်းနှင့် အပြန်အလှန်အကျိုးရှိစေခြင်းတို့၏ စံပြနမူနာကို စိုက်ထူနိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် “ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း” ဟူသောမူဝါဒကို ဆက်လက်ကိုင်စွဲ ထားကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အိမ်နီးချင်း သံတမန်ဆက်ဆံရေးမူဝါဒ၏ အရေးကြီးသောနေရာတွင် ထားရှိပါကြောင်း၊ တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို စွဲမြဲစွာ လိုက်နာပြီး တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို ဦးတည်ပါကြောင်း၊ မြန်မာ့အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ရန် တရုတ်နိုင်ငံမှ ခိုင်မာစွာ ထောက်ခံပါကြောင်း၊ မြန်မာအစိုးရသစ်က ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီညီ စီမံဆောင်ရွက်လျက် နိုင်ငံတော်အခြေအနေနှင့် ကိုက်ညီပြီး ပြည်သူလူထု ထောက်ခံအားပေးသည့် မှန်ကန်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း အား ရှာဖွေတွေ့ရှိခြင်းကို ထောက်ခံပါကြောင်း၊ ယခုနှစ်သည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” စတင်သည့်နှစ်ဖြစ်ရာ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကိုမျှဝေလိုပါကြောင်း၊ နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်ယုံကြည်မှုရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်း၊ လုံခြုံရေးတွင် အပြန်အလှန်ပူးပေါင်းမြှင့်တင်ခြင်း၊ ယဉ်ကျေးမှု အရ အပြန်အလှန်သင်ယူလေ့လာခြင်း ရှိကြသည့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို ပူးတွဲတည်ဆောက်လိုပါကြောင်း၊ နှစ်နိုင်ငံပြည်သူများအတွက် သာယာဝပြောမှုများ ပိုမိုဆောင်ကြဉ်းပေးရန်၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောပံ့ပိုးကူညီမှုများ ဖော်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း အရှည်လျားဆုံးထိစပ်နေသည့် အိမ်နီးချင်းဖြစ်ပြီး ယုံကြည်စိတ်ချရသော မိတ်ဆွေနှင့် မိတ်ဖက်ဖြစ်ကြောင်း၊ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများ ရောယှက်နေသည့် နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်ရာတွင် နှစ်ဦးနှစ်ဖက်စလုံးအနေဖြင့် မဟာဗျူဟာမြောက် မြင်ကွင်းရှင်းလင်းပြတ်သားမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းပြီး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ သည် နှစ်နိုင်ငံ “Belt and Road” ပူးတွဲတည်ဆောက်ရေး၏ အထင်ကရစီမံကိန်းဖြစ်ရာ၊ လုံခြုံရေးကို အာမခံချက်ပေးနိုင်သည့် အာမခံချက်အောက်တွင် အရေးကြီးစီမံကိန်းများ တည်ဆောက်မှုကို တည်ငြိမ်စွာ အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူနေမှုဘဝ မြှင့်တင်ရေးကို ကူညီပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငလျင်ဘေး အန္တရာယ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုပံ့ပိုးကူညီပေးရန်၊ “သေးငယ်ပြီးကောင်းမွန်သည့်” လူမှုစီးပွားအကူအညီများကို ပိုမိုအကောင်အထည် ဖော်ရန်နှင့် တရုတ်-မြန်မာ အပြန်အလှန်အကျိုးပြုပူးပေါင်းဆောင်ရွက်မှု ဇာတ်လမ်း ပုံပြင်ကောင်းများကို အတူတကွ ဖော်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုစသည့် ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ဆက်လက် နှိမ်နင်းသွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်းဘက်အသီးသီးတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရန်၊ မြန်မာနိုင်ငံမြောက်ပိုင်း ရေရှည်တည်ငြိမ်အေးချမ်းမှုကို ရရှိရန် တရုတ်နိုင်ငံမှ ထောက်ခံအားပေးကြောင်း၊ ယင်းသည် မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ အခြေခံကျပြီး ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီပါကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးရှိကြောင်း၊ အစဉ်အမြဲ အပြန်အလှန်ကူညီပံ့ပိုးခဲ့ကြပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး (၅) ရပ်ကို စွဲကိုင်ကာ ခိုင်မာသော အိမ်နီးချင်းကောင်းမိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့ကြကြောင်း၊ ယခုအခါ ကံကြမ္မာအကျိုးတူ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး အဆင့်သစ်သို့ ဦးတည်တက်လှမ်းနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် တရုတ်နိုင်ငံက ရေရှည်အတ္တကင်းစွာ ပံ့ပိုးကူညီပေးခဲ့မှုအပေါ် မြန်မာနိုင်ငံမှ ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ “One China Policy” ကို ခိုင်မာစွာ ဆက်လက်လိုက်နာသွားမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရသစ်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်မြှင့်တင်နေပြီး မိမိနိုင်ငံ အခြေအနေနှင့် ကိုက်ညီသော နိုင်ငံရေးစနစ်နှင့် ဖွံ့ဖြိုးတက်မှုလမ်းကြောင်းကို တက်ကြွစွာ ရှာဖွေဖော်ထုတ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အကောင်အထည်ဖော်မှုသည် မြန်မာနိုင်ငံအပါအဝင် အာရှအိမ်နီးချင်းနိုင်ငံများအတွက် အရေးကြီးသော အခွင့်အလမ်းများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံကို ပူးတွဲ တည်ဆောက်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအဆင့်အတန်းကို မြှင့်တင်ရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို မြန်မာနိုင်ငံမှ အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းရန်၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံနှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး (၄) ရပ်ကို မြန်မာနိုင်ငံမှ အပြည့်အဝ ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်စုံဆက်သွယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုပါကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ပို့ဆောင်ဆက်သွယ်ရေး၊ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေး စသည့်ကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်မှုစာချုပ် အများအပြား လက်မှတ်ရေးထိုးပွဲသို့ အတူတကွ တက်ရောက်၍ မျက်မြင်သက်သေပြုခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲမပြုလုပ်မီ တရုတ်သမ္မတရှီကျင့်ဖျင်သည် The Great Hall ခန်းမ၏ မြောက်ဘက်ခန်းမဆောင်၌ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အတွက် ကြိုဆိုပွဲအခမ်းအနားကို ကျင်းပပေးခဲ့သည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိလာချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့က တန်းစီအလေးပြုခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် စင်မြင့်ထက်သို့ တက်ရောက်ကြပြီးနောက် စစ်တီးဝိုင်းက တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်ခဲ့ကာ တီယန်အန်မင်ရင်ပြင်၌ အမြောက် (၂၁) ချက်ပစ်ဖောက်၍ ဂုဏ်ပြုခဲ့သည်။ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ လိုက်ပါပို့ဆောင်မှုဖြင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ပြီး စစ်ရေးပြချီတက်မှုကို ကြည့်ရှုခဲ့သည်။
ထိုနေ့မွန်းတည့်ချိန်တွင် တရုတ်သမ္မတရှီကျင့်ဖျင်သည် The Great Hall ခန်းမ၏ ရွှေရောင်ခန်းမဆောင်၌ မြန်မာသမ္မတ ဦးမင်းအောင်လှိုင်အတွက် ကြိုဆိုဂုဏ်ပြု တည်ခင်းဧည့်ခံပွဲကို ကျင်းပပေးခဲ့သည်။
ဝမ်ယိနှင့် ဝမ်ရှောင်ဟုန်တို့သည် အထက်ပါအခမ်းအနားများသို့ တက်ရောက်ခဲ့ကြသည်။
#MNP #News




No comments:
Post a Comment