ဇွန် - ၁၈ ( ကြာသပတေးနေ့ )
အာထရာ-အော်သိုဒေါ့စ် ဂျူးအသိုင်းအဝိုင်းမှ စစ်မှုထမ်းရန် ပျက်ကွက်သူတစ်ဦး ဖမ်းဆီးခံရမှုကို ဆန္ဒပြသည့်အနေဖြင့် တဲလ်အဗစ်မြို့အနီးရှိ အဓိက အဝေးပြေးလမ်းမကြီးတစ်ခုကို ပိတ်ဆို့ခဲ့ကြသော ဟာရီဒီ ဂျူးလူမျိုးများနဲ့ အစ္စရေးရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းက တဲလ်အဗစ်မြို့ အရှေ့ဘက်ရှိ လမ်းကြောင်း ၄ ပေါ်တွင် ဆန္ဒပြသူ အမြောက်အမြားက လမ်းမပေါ်တွင် ထိုင်ချခြင်းနဲ့ ယာဉ်များအောက်သို့ တိုးဝင်ခြင်းတို့ ပြုလုပ်ကာ လမ်းကြောင်းနှစ်ဖက်စလုံးရဲ့ ယာဉ်ကြောများကို ပိတ်ဆို့ခဲ့ကြသဖြင့် လုံခြုံရေးရဲတပ်ဖွဲ့က ၎င်းတို့အား ဖယ်ရှားရန် ကြိုးပမ်းခဲ့ပါတယ်။ ထိုသို့ဖယ်ရှားရာတွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို တုန်လှုပ်ချောက်ချားစေတတ်တဲ့ အသံဗုံး/အလင်းဗုံးများ နဲ့ နံပါတ်တုတ်များကို အသုံးပြုခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာမှ ရရှိသည့် ရုပ်သံမှတ်တမ်းများအရ သိရပါတယ်။
လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အာထရာ-အော်သိုဒေါ့စ် ဆန္ဒပြသူများကို ၎င်းတို့ရဲ့ အဝတ်အစားများမှ ဆွဲကိုင်ကာ လမ်းမပေါ်မှ ဆွဲထုတ်ဖယ်ရှားခဲ့ကြသည်ကို တွေ့မြင်ခဲ့ရပြီး အခင်းဖြစ်ပွားရာနေရာတွင် အနည်းဆုံး လူငါးဦး ထိန်းသိမ်းခံခဲ့ရပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း ဆန္ဒပြသူ ရှစ်ဦးခန့်မှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြမှု၏ နောက်ကွယ်တွင်ရှိသော အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည့် ဂျေရုဆလင်ဂိုဏ်းခွဲ က အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာ ရဲ့ ရဲတပ်ဖွဲ့ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ ၎င်းတို့သည် ဟာရီဒီ လူထုအပေါ် "ခွဲခြားဆက်ဆံကာ ဥပဒေစိုးမိုးရေး လုပ်ဆောင်ခြင်း" နဲ့ "သိက္ခာကျစရာကောင်းပြီး အထိန်းအကွပ်မဲ့သော အကြမ်းဖက်မှုများ" ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အကယ်၍ "ဤကဲ့သို့ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူမျိုး" ဆက်လက်ဖြစ်ပွားနေပါက ၎င်းတို့အနေဖြင့် ယခုကိစ္စကို တရားလွှတ်တော်ချုပ်ထံ တင်ပြသွားမယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြင်းထန်တင်းကျပ်သော ကိုင်တွယ်အရေးယူမှုပုံစံများကို လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် ထောက်ခံအားပေးခဲ့ဖူးတဲ့ ဝန်ကြီး ဘန်ဂါဗီယာ က ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး၊ ရဲတပ်ဖွဲ့အနေဖြင့် အသံဗုံး/အလင်းဗုံးများကို "ထူးခြားဆန်းပြားသော ဖြစ်ရပ်များ" တွင်သာ အသုံးပြုစေရန်အတွက် ၎င်းအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး "အရေးပေါ်အစည်းအဝေး" တစ်ရပ် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုနေ့ နောက်ပိုင်းတွင် စစ်မှုထမ်းရန် ပျက်ကွက်သူကို ထိန်းသိမ်းထားသည့် အစ္စရေးစစ်တပ် ရဲ့ ဘိတ်တ်လစ်ဒ် စစ်ဘက်ဆိုင်ရာ အကျဉ်းထောင်အပြင်ဘက်တွင် ဟာရီဒီ ဂျူးလူမျိုး ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပါတယ်။ ဆန္ဒပြသူများက အကျဉ်းထောင်ဝင်းအတွင်းသို့ အတင်းအဓမ္မ တိုးဝင်စီးနင်းသွားနိုင်တယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုများ အထင်အရှား ပေါ်ပေါက်လာခဲ့သဖြင့် ထောင်နယ်နိမိတ်ကို လုံခြုံရေးယူရန် အပိုဆောင်း ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သည်အင်အားများကို ချထားခဲ့ရပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment