ကျေးဇူးတင်ပါတယ် ဦးဇော်ဇော် (ဝန်ကြီးဌာနအသင်းများအတွက် သိန်း ၁၀၀၀ ပံ့ပိုးပေးမည်) - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျေးဇူးတင်ပါတယ် ဦးဇော်ဇော် (ဝန်ကြီးဌာနအသင်းများအတွက် သိန်း ၁၀၀၀ ပံ့ပိုးပေးမည်)


အားကစားသတင်းတစ်ခုမှာ သစ္စာအားမာန်အသင်းအတွက် အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးလိုက်ပြီ ဆိုတဲ့ သတင်းကောင်းလေးတစ်ခု တွေ့ရလို့ သေချာအောင် အားကစားသတင်းတွေကို လိုက်ကြည့်ဖြစ်ပါတယ်။ သတင်းကောင်းဟာ အမှန်တကယ် ဆောင်ရွက်ပေးလိုက်တဲ့ သတင်းကောင်းဖြစ်နေလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။

ဦးဇော်ဇော် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်နေမှုအပေါ် မလိုသူတွေကလည်း မလိုလားသည့် အလျှောက် ဝေဖန်ပြောဆိုမှုတွေ ရှိပါတယ်။ အနည်းစုပါ။ စာရေးသူရဲ့ အမြင်အရတော့ ဦးဇော်ဇော်တာဝန်ယူထားရတဲ့အပိုင်းဟာ အရမ်းကို တာဝန်ကြီးလေးလွန်းတယ်လို့ ဆိုချင်ပါတယ်။ အားကစားနယ်ပယ်မှာ ဆိုရင် ဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ဟာ ကြီးမားကျယ်ပြန့်တဲ့အပိုင်းမှာ ရှိပါတယ်။ 

ဦးဇော်ဇော်အနေနဲ့ လက်ရွေးစင်အသင်း တိုးတက်ရာတိုးတက်ကြောင်း ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းပေးခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ သို့သော် သူမျှော်လင့်သလို ဖြစ်မလာတဲ့အခါကြတော့ သူလည်း အနားယူချင်စိတ် ဖြစ်ပေါ်နေပြီလို့ ယူဆရပါတယ်။ မီဒီယာများရှေ့ ပြောဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းတစ်ခုမှာဆိုရင် ဒီတာဝန်ကို ယူချင်သူများရှိရင် လွှဲပေးမယ့်အကြောင်း၊ နောက်နှစ် ပြန်လည်ရွေးချယ်ရာမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ကို တစ်နှစ်ကြိုပြီး ဖိတ်ခေါ်ပါတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဦးဇော်ဇော်နေရာမှာ အခြားသူ တစ်ဦးတစ်ယောက်သာဆိုရင် သူ့လို ဆောင်ရွက်ပေးနိုင်ပါ့မလား။ သူ့ထက်သာလွန်တဲ့သူ မရှိဘူးလို့ ပြောလိုခြင်း မဟုတ်ပါဘူး။ သူ့လောက် စေတနာထားပြီး လုပ်ပေးနိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ သူ့မှာ နည်းပြတွေ၊ အသင်းအုပ်ချုပ်သူတွေ၊ အားကစားသမားတွေ အားလုံးအတွက်ကို ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံကနေ ပြည့်စုံအောင် ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ဝန်ကြီးဌာန အသင်းတွေနဲ့ ပတ်သက်လို့လည်း အတတ်နိုင်ဆုံး သူ့ဘက်က အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ဝန်ကြီးဌာနတွေရဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေက ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အံဝင်ဂွင်ကျ ဖြစ်မနေတဲ့ အခက်အခဲ ရှိပုံပေါ်ပါတယ်။ 

သစ္စာအားမာန်အသင်း က ဒီဇင်ဘာနှင်း ပွင့်ပွင့်လင်းလင်း ချပြလိုက်တော့မှ ဘောလုံးပရိတ်သတ်တွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ရတယ်။ တချို့ကလည်း ဒီဇင်ဘာနှင်း ကို အသင်းက ထုတ်ပယ်လိုက်တယ်ဆိုတဲ့ ကောလဟာလ သတင်းတွေ ဖြန့်ကြပါသေးတယ်။ ဒါမျိုးကလည်း ဖြစ်တတ်ပါတယ်။ လူကြီး ဆိုသူတွေက အခုလို အမှန်တရားတွေကို ထုတ်ဖော်ပြောဆိုတဲ့အခါ ပြင်ဆင်သင့်တာကို မပြင်ဆင်ဘဲ ဒီလို ပြောရကောင်းလားလို့ အမျက်မာန်ဒေါသထွက်ပြီး ဖယ်ကျဉ်တာမျိုးတွေက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ 

အခု ဦးဇော်ဇော် ကိုယ်တိုင်က ဒီဇင်ဘာနှင်း ကို သမီးတစ်ယောက်လို ပုခုံးဖက်ပြီး မီဒီယာရှေ့မှာ ပွင့်လင်းမြင်သာစွာ ချပြသွားတဲ့အခါကြတော့ အားလုံးရဲ့ သံသယတွေ၊ ထင်ကြေးပေးဆုံးဖြတ်တာမျိုးတွေလည်း ရပ်တန့်သွားပါပြီ။

အဆင်မပြေမှုတွေရှိရင် အဆင်ပြေအောင် ဆွေးနွေးအဖြေရှာခြင်း နည်းလမ်းဟာ အကောင်းဆုံးပါ။ ဦးဇော်ဇော်အနေနဲ့လည်း ဒီနည်းလမ်းအတိုင်းပဲ ဖြေရှင်းဆောင်ရွက်ပေးသွားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ မီဒီယာများကို ဦးဇော်ဇော် ရှင်းလင်းပြောကြားသွားရာမှာ "အဆင်မပြေမှုတွေအတွက်လည်း ဘောလုံးဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ တောင်းပန်ပါတယ်နော်။ ထောက်ပံ့ကြေးကို ကျန်တဲ့ ပုဂ္ဂလိကအသင်းတွေထက် ပိုပြီးတော့ သိန်း(၁၀၀၀) ပေးဖို့ စီမံထားပါတယ်။ အဲဒါကိုလည်း အသင်းအနေနဲ့ ပြန်ပြီးတော့ ကစားသမားတွေအတွက် အသုံးချဖို့အတွက်၊ သမီးတို့ အသင်းတင်မဟုတ်ဘူး။ ဒါ ကျန်တဲ့ ဝန်ကြီးဌာနအသင်း ဘယ်အသင်းပဲ ဖြစ်ဖြစ် အဲဒီလို ထောက်ပံ့ဖို့ စီမံထားတယ်။ ပရော်ဖက်ရှင်နယ်ကလပ်က စပွန်ဆာရှိဖို့ လိုတယ်။ ရှိပြီးတော့မှ အသင်းသားတွေအတွက် ငွေကြေးပြည့်စုံတယ်ဆိုရင် ကောင်းတဲ့ ကစားသမားတွေလည်း ခေါ်လို့ရတယ်။ ချက်ချင်းကြီး လုပ်လို့ရတာတွေက အကုန်လုံးမဖြစ်နိုင်ပေမယ့် လုပ်လို့ရတာ အကုန်လုပ်ပေးမယ်။ ပြောရရင်တော့ ခုနက နှစ်ယောက်ထိုင်ပြီးတော့ ဆွေးနွေးတဲ့အခါမှာ လေ့ကျင့်ရေးကွင်းပါ ပြင်ဖို့လိုမယ်။ အဆောင် ပြန်ဆောက်ဖို့ လုပ်ပေးမယ်။ နောက်တစ်ခုက စီမံခန့်ခွဲတဲ့လူတွေ၊ အုပ်ချုပ်တဲ့လူတွေ အသင်းတစ်သင်းကို အောင်မြင်အောင်အတွက် ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု၊ ကိုယ့်ရဲ့ အကျင့်စာရိတ္တ ဒါတွေလည်း အများကြီး အရေးကြီးပါတယ်။ ကိုယ့်ဘက်ကလည်း ပြည့်စုံအောင် ပြန်ဖြည့်ဆည်းပေးဖို့ လိုတယ်။ နောက်ဆုံးဘိတ် ကားကအစပေါ့နော်၊ သွားရေး လာရေး၊ နေဖို့ကအစ၊ အစားအသောက်က အစ၊ နောက်တစ်ခုက ပရော်ဖက်ရှင်နယ်လိဂ်ဖြစ်တဲ့အတွက်ကြောင့်မို့ ပြောင်းတာရွှေ့တာ၊ စာချုပ်၊ အငှား ဒါတွေကအစ အသေးစိတ်အားလုံး စီမံဖြစ်ပါတယ်။ အဲဒါတွေ အားလုံးက ဘာလို့ လုပ်ဖြစ်လဲမေးရင် သမီးက ဒါ ရဲရဲဝံ့ဝံ့နဲ့ ပြောပြတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်" လို့ ရှင်းလင်း ပြောဆိုသွားပါတယ်။

ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ တောင်းပန်ရမှာ မဟုတ်သော်လည်း တာဝန်ယူ တာဝန်ခံပြီး တောင်းပန်စကားပြောသွားတာကို တွေ့ရပါတယ်။ ဒီအပိုင်းမှာ တကယ်တန်း ပရိတ်သတ်များကို တောင်းပန်ရမှာက အသင်းတာဝန်ရှိသူတွေ က တောင်းပန်ရမှာ ဖြစ်ပါတယ်။ ဦးဇော်ဇော်ကပဲ တာဝန်ခံပြီး တောင်းပန်သွားပါတယ်။

ဒီဇင်ဘာနှင်း ရဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုကြောင့် သစ္စာအားမာန်အသင်းအတွက်သာမက အခြားသော ဝန်ကြီးဌာနအသင်းတွေအတွက်ပါ အဆင်ပြေမှု ရရှိစေခဲ့ပါတယ်။ ဒီလို ဖော်ထုတ်ပြောဆိုခဲ့သူအပေါ်မှာ အမုန်းမပွားကြဘဲ အခက်အခဲတစ်ခု ဖြစ်လာရင် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အရှိတရားကို ဟုတ်တိုင်းမှန်စွာ ချပြပြောဆိုကြဖို့ ဒီဇင်ဘာနှင်း ကို စံနမူနာယူကြရမှာ ဖြစ်ပါတယ်။

အားကစားသမားများကို တိုက်တွန်းချင်တာကတော့ အခုဆိုရင် လက်ရွေးစင်အသင်းတွေမှာ စွမ်းဆောင်ရည် သိသိသာသာကျဆင်းလာတာကို တွေ့ရပါတယ်။ အမျိုးသားလက်ရွေးစင်အသင်းဆိုရင်လည်း ဖိလစ်ပိုင်ဖိတ်ခေါ်ဖလား သွားရောက်ယှဉ်ပြိုင်ရာမှာ ဖိလစ်ပိုင်ကို ၅-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်သည်အထိ ဖြစ်ခဲ့ရတာက အဘက်ဘက်က ကူညီပံ့ပိုးပေးနေသူတွေ၊ ဘောလုံးပရိတ်သတ်တွေအပေါ် တာဝန်မကျေရာ ကျပါတယ်။ အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ အကောင်းကြီး မဟုတ်သည့်တိုင်အောင် မျှော်လင့်ထားသလောက်တော့ ဖြစ်မလာသေးဘူး။ ပရိတ်သတ်ရဲ့ အားပေးမှု အခိုင်အမာရနေတယ်။ ဒီအခြေအနေက ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ရောက်အောင် ကြိုးစားပေးကြဖို့ တွန်းအားပါပဲ။

လက်ရှိ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့ အာရှအသင်းတစ်သင်းဖြစ်တဲ့ ဂျပန်ဆိုရင် မြန်မာတွေဆီကနေ ဘောလုံးပညာသင်ယူခဲ့ရတာဖြစ်လို့ မြန်မာတွေကို ကျေးဇူးတင်တယ်။ ဘောလုံးပြိုင်ပွဲထဲမှာတောင် မြန်မာကို ဂုဏ်ပြုမှုတွေ လုပ်ခဲ့ကြတယ်။ အဲဒီအသင်းဟာ ယခုကမ္ဘာ့ဆင်မြင့်ထက်ကို ရောက်နေပြီ။ တို့တွေအနေနဲ့လည်း ဘာကြောင့် မရောက်နိုင်ရမှာလဲ။ အစွမ်းကုန် ကြိုးစားကြဖို့ပဲ လိုအပ်တယ် မဟုတ်ပါလား။


နေထွန်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)