အရိယာမဏ္ဍိုင်တောရရိပ်သာဦးသူရိယရဲ့ အမှားများကို ဓမ္မဒေသနာများဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်း (အပိုင်း- ၃) - Myanmar National Post

Myanmar National Post

News Agency

Breaking

အရိယာမဏ္ဍိုင်တောရရိပ်သာဦးသူရိယရဲ့ အမှားများကို ဓမ္မဒေသနာများဖြင့် ခွဲခြမ်းစိတ်ဖြာပြခြင်း (အပိုင်း- ၃)


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီးမှာ တည်ရှိတဲ့ အရိယာမဏ္ဍိုင်တောရရိပ် သာ တည်ထာင်သူ ကျောင်းပိုင် ကျောင်းထိုင် ဦးသူရိယရဲ့ တပည့်ဖြစ်သူ ကိုမောင်ကြီးက ဦးသူရိယရှေ့၊ ပရိသတ် များရှေ့မှာ ပါချုပ်ဆရာတော်ကြီး ဟောထားတဲ့ မဂ္ဂင်ရှစ်ပါး တရားနဲ့ နိဗ္ဗာန်ရောက်သူမရှိကြောင်း၊ သောတာပန်ဖြစ်သူ မရှိကြောင်း ငြင်းခုန်ပြောဆိုခြင်းဆိုတဲ့ ရုပ်သံဖိုင်တစ်ဖိုင် ရောက်ရှိပျံ့နှံ့လာခဲ့ပါတယ်။ 

ဦးသူရိယနဲ့ ကိုမောင်ကြီးဆိုသူ ဆရာတပည့်၂  ဦးတို့က ပါချုပ်ဆရာတော်ကြီးကို စော်ကားနေတာ၊ ဘုရားရှင် ဟော ထားတဲ့ မဂ္ဂင်ရှစ်ပါးတရားကို ပယ်နေတာ၊ ဘုရားရှင်ကို ပုန်ကန်နေတာ၊ ဆန့်ကျင်နေတာလို့တွေ့မြင်မိသူများက သုံးသပ်ကြပါတယ်။ ကိုအောင်အောင်ဇော်ကတော့ "ဘုရား ဟာ မဂ္ဂင်ရှစ်ပါး တရားနဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးအား စော်ကားသူများ"လို့ မှတ်ချက်ပြုထားပါတယ်။ 

ဆက်ပြီးတော့ "ဒါတော့ နည်းနည်း များသွားပြီနော်။ အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယရဲ့ တပည့်က ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင် ၈ ပါး တရားက နိဗ္ဗာန် မရောက်နိုင်လို့ ပယ်ပါသတဲ့။ စော်ကားတာနော်။ ပါချုပ် ကြီးရဲ့ မဂ္ဂင် ၈ ပါး တရားကို စော်ကားတာဟာ ဆရာတော် ကြီးကို စော်ကားရာရောက်သလို မဂ္ဂင် ၈ ပါးတရားကို ဟောကြားထားတဲ့ ဗုဒ္ဓဘုရားရှင်ကိုပါ စော်ကားရာရောက်ပါတယ်။ ဆရာရှေ့မှာတင် ပြောဆိုဆဲရေးပြစ်မှားနေတာ‌ဆိုတော့ ဆရာဆိုသူ ဦးသူရိယကိုယ်တိုင် သဘောတူကြည်ဖြူနေ တယ်ဆိုတာ သိသာထင်ရှား‌နေပါတယ်။ အုပ်စုလိုက်ကြီး အပါယ်လားတော့မယ်ဟာတွေ။ ကြည့်လည်း လုပ်ကြဦး။ ဒီလို ဗရမ်းပတာတွေ အဓမ္မတွေ ပြောဆိုနေတဲ့ အုပ်စုကို အများသိအောင် ပြန်လည်မျှဝေပေးကြစေချင်ပါတယ်"လို့ ဆက်လက်တင်ပြထားပါတယ်။ 

ဦးသူရိယနဲ့ ကိုမောင်ကြီးဆိုသူတို့ရဲ့"မဂ္ဂင်ရှစ်ပါးတရား တော်အား စော်ကားမှုကြီး သို့မဟုတ် ဘုရားရှင်နှင့် 

ပါမောက္ခချုပ်ဆရာတော်ကြီးအား စော်ကားမှုကြီး"ကို လေ့လာကြည့်ရအောင်-။ 

ကိုမောင်ကြီး ။     ။တစ်နိုင်ငံလုံး ရိပ်သာတွေကို ခြုံပြီး ပြောတယ် ဘယ်အထိရောက်လဲ? သောတပန်လောက် အထိကို အသဲအသန် ပြနေတာ မဟုတ်လား ?

ရန်ရန် ။    ။ဘယ်သူတရားရလဲ ကိုမောင်ကြီးတောင် မြင်နိုင်လို့လား?

ကိုမောင်ကြီး ။      ။ ဟုတ်ပြီ! ဘယ်လောက် တရားများ များ ရလဲ? ဪ အခု ဒါ သက်သေတွေပဲ လူတွေကို ကြည့်ရင် သက်သေတွေပဲလေ၊ (သူ့အနားတွင်ရှိသော ဦးသူရိယနှင့် ကျောင်းတိုက်နေ လူများကို လက်ဖြင့် ညွှန်ပြနေ၏။)

ရန်ရန် ။     ။ကိုမောင်ကြီး ကိုမောင်ကြီး ပါးပါးလေး လွဲနေတယ်။

ကိုမောင်ကြီး။    ။ကဲ ဒါဆိုရင် အဲ့ဒီပါးပါးလေး လွဲနေတာ ကို ဘယ်သူပြန်တည့်ပေးနိုင်မလဲ? ဒီလိုဉာဏ်ကို ဟိုးအ ထက်အထက် အဆင့်အထိ ရောက်အောင် ဘယ်သူပြနိုင် သလဲ?

ရန်ရန် ။     ။ဘယ်သူပြနိုင်လဲ ဟောဗျာ ပြနိုင်တဲ့ ပုဂ္ဂိုလ် တွ ရှိနေတာပဲ လောကကြီးမှာ ၊ သူ့ဆရာနဲ့ သူ့သာဝကနဲ့သူ ဘုရားဟောထားတာ အဟုတ်ဘူးလား ?

ကိုမောင်ကြီး ။      ။ရာခိုင်နှုန်းနဲ့ပြ အနည်းနဲ့အများ ရာခိုင်နှုန်းနဲ့ ပြ ။

ရန်ရန် ။    ။ဟမ် ! ကိုမောင်ကြီး အဲ့ဒါဆိုရင် အစွန်း ရောက်သွားမှာပေါ့‌ ဪ တကယ်ပဲ ။

ဦးသူရိယ။ ။လက်ရှိ အမြင်ကို ပြောနေတာလေ ဒကာကြီး အစွန်းရောက်တာ မဟုတ်ဘူးလေ

ရန်ရန်  ။       ။ အဲ့မှာ တင်မှားနေပြီ ကိုမောင်ကြီးအထင် က အဲ့ဒါဆို လွဲနေပြီ၊ ဒီထဲမှာ မဟာဗောဓိမြိုင်ဆရာ တော်တွေ ပါချုပ်ဆရာတော်တွေ အကုန်လုံး ဂကျိုး ဂ‌ကြောင် တစ်ခုထဲနဲ့ လိုက်တိုင်းလို့ မရဘူး လွဲတယ်လေ။

ကိုမောင်ကြီး။    ။ ခင်ဗျား လွဲတယ်လို့ ပြောလို့မရဘူး ကျွန်တော်ကို လွဲတယ်လို့ ပြောနေကတည်းကကို ခင်ဗျား အစွန်းရောက်နေပြီ၊ 

ရန်ရန် ။      ။ဟမ် !

ကိုမောင်ကြီး။   ။ ခင်ဗျားအစွန်းရောက်သွားပြီဆို ကျွန်တော်မှားတာ ၊ ကဲ ! ကျွန်တော်မှားနေရင် ခင်ဗျား မှန်နေရမယ်။

ရန်ရန် ။      ။ ဒါဆို ပါချုပ်ဆရာတော်ကြီးကို ပယ်တာလား ? မေးပြီ ။

ကိုမောင်ကြီး ။      ။ ပယ်ပြီ " ပယ်တယ် " 

ရန်ရန်  ။      ။ ဒါ တွဲတာ မဟုတ်ဘူး သဘောတရားက မှန်လား မှားလား ?

ဝေဖန်ချက်

အထက်အမှတ် ၁ ပါစကားစုများမှာ အရိယာမဏ္ဍိုင်တော ရရိပ်သာဦးသူရိယရဲ့ တပည့် ကိုမောင်ကြီးက"မဂ္ဂင် (၈) ပါး ဟောတိုင်း ရလို့လား"လို့ မေးခွန်းထုတ်ကာ ပါချုပ် ဆရာတော်ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါး တရားကြောင့် နိဗ္ဗာန်ရသူမရှိကြောင်း၊ သောတာပန်အရိယာ ဖြစ်သူမရှိ ကြောင်း ပြောဆိုထားပါတယ်။ 

ပါချုပ်ဆရာတော်ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါး တရား ကြောင့် နိဗ္ဗာန်ရသူမရှိ၊ သောတာပန်အရိယာ ဖြစ်သူမရှိ- ဆိုသည်မှာ မှန်ချင်လည်း မှန်ပါလိမ့်မယ်။ မှားချင်လည်း မှားပါလိမ့်မယ်။ နိဗဗာန်ရရ မရရ၊ သောတာပန်အရိယာ ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပါ။ အရေးကြီးတာကတော့ ပါချုပ်ဆရာတော်ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါးတရားဟာ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးတရားတော်အ တိုင်း ဟုတ်မှန်ခြင်း၊ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင် ရှစ်ပါးတရားတော်နဲ့ ညီညွတ်ခြင်းဆိုတာကသာ အရေးကြီး ပါတယ်။ 

ပါချုပ်ဆရာတော်ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါးတရားဟာ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးတရားတော်အ တိုင်း ဟုတ်မှန်တယ်၊ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင် ရှစ်ပါးတရားတော်နဲ့ ညီညွတ်တယ်ဆိုတာကို ပရိယတ္တိစာ ပေပညာရှင်အားလုံးက အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။ 

ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးတရားတော်အ တိုင်း ဟုတ်မှန်ရင်၊ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင် ရှစ်ပါးတရားတော်နဲ့ ညီညွတ်ရင် ပါချုပ်ဆရာတော်ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါးတရားဟာ ပါချုပ်ဆရာတော်ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါးတရား ဖြစ်ပေမယ့် တကယ်တမ်း တော့ ဘုရားရှင်  ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးတရး းတော်ပင် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်ပဲ ဖြစ်ပါတယ်။ 

ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးတရားကြောင့် နိဗ္ဗာန်မရောက်ဘူး၊ သောတာပန်အရိယာမဖြစ်ဘူးဆိုတာ ဦးသူရိယနဲ့ ကိုမောင်ကြီးတို့ရဲ့ အမှား ဖြစ်ပါတယ်။ 

ဓမ္မစကြာမှာ"ရဟန်းတို့ ထိုအစွန်းနှစ်ပါးတို့သို့ မကပ် ရောက်မူ၍ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ် သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြု တတ်သော အလယ်အလတ်ဖြစ်သော အကျင့်သည် 

ကိလေသာ ငြိမ်းရန်အလို့ငှါ ဖြစ်၏၊ 

ထူးသောဉာဏ်ဖြင့် သိရန်အလို့ငှါ ဖြစ်၏၊ 

(သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏၊ 

နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်၏။

ရဟန်းတို့ ငါဘုရားသည် အထူးသဖြင့် သိတော်မူအပ်သော ပညာမျက်စိကို ပြုတတ်သော ဉာဏ်အမြင်ကို ပြုတတ် သော ကိလေသာငြိမ်းခြင်း ထူးသောဉာဏ်ဖြင့် သိခြင်း သစ္စာလေးပါးကို သိခြင်း နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းငှါ ဖြစ်သော ထိုအလယ်အလတ်ဖြစ်သော မြတ်သောအကျင့် ကား အဘယ်နည်း။

ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ပင်တည်း။ ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသည် အဘယ်နည်း။ မှန်စွာ သိမြင်ခြင်း 'သမ္မာဒိဋ္ဌိ'၊ 

မှန်စွာ ကြံခြင်း 'သမ္မာသင်္ကပ္ပ'၊ 

မှန်စွာ ပြောဆိုခြင်း 'သမ္မာဝါစာ'၊ 

မှန်စွာ ပြုလုပ်ခြင်း 'သမ္မာကမ္မန္တ'၊ 

မှန်စွာ အသက်မွေးခြင်း 'သမ္မာအာဇီဝ'၊ 

မှန်စွာ အားထုတ်ခြင်း 'သမ္မာဝါယာမ'၊ 

မှန်စွာ အောက်မေ့ခြင်း 'သမ္မာသတိ'၊

မှန်စွာ တည်ကြည်ခြင်း 'သမ္မာသမာဓိ' ဤသည်တို့တည်း။ (ဝိ၊ ၃၊ ၁၄)

''အသျှင်ဂေါတမ အကြင်သမဏဗြာဟ္မဏတို့သည် တပည့် အပေါင်းနှင့်လည်း ပြည့်စုံကုန်၏၊ ဂိုဏ်းနှင့်လည်း ပြည့်စုံ ကုန်၏၊ ဂိုဏ်းဆရာလည်း ဖြစ်ကုန်၏၊ ထင်ရှားကုန်၏၊ ကျော်စောကုန်၏၊ အယူဝါဒတီထွင်သူတို့ ဖြစ်ကုန်၏၊ သူတော်ကောင်းဟု လူအများက သမုတ်ထားသူများ ဖြစ် ကုန်၏၊ ဤသူတို့ကား အဘယ်သူတို့နည်း။ ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ ဗေလဋ္ဌ၏သား သဉ္စယ၊ နာဋ၏သား နိဂဏ္ဌတို့ပင်တည်း။

ထို (သမဏဗြာဟ္မဏ) အားလုံးတို့သည်ပင် မိမိတို့၏ ဝန်ခံချက်အတိုင်း သိပါကုန်သလော၊ (သို့မဟုတ်) အားလုံးတို့သည်ပင် (မိမိတို့ ဝန်ခံချက်အတိုင်း) မသိပါ ကုန်သလော၊ သို့မဟုတ် အချို့တို့သည်သာ သိ၍ အချို့ တို့သည် မသိပါကုန်သလော''ဟု (လျှောက်၏)။

သုဘဒ္ဒ မမေးလင့်၊ ''ထို (သမဏဗြာဟ္မဏ) အားလုံး တို့သည်ပင် မိမိတို့၏ ဝန်ခံချက်အတိုင်း သိကုန့်သလော၊ သို့မဟုတ် အားလုံးတို့သည်ပင် မသိကုန်သလော၊ သို့မဟုတ် အချို့တို့သည်သာ သိ၍ အချို့တို့သည် မသိကုန်သလော'' ဟူသော အမေးကို ထားလိုက်ဦးလော့။

သုဘဒ္ဒ သင့်အား ငါ တရားဟောအံ့၊ ထို (တရား) ကို နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားအား ဝန်ခံ၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

၂၁၄။ ''သုဘဒ္ဒ အကြင်ဓမ္မဝိနယဟူသော သာသနာ၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် မရှိ၊ ထို (အရိယမဂ်တရားမရှိသော သာသနာ) ၌ (သောတာပန်) ရဟန်းသည်လည်း မရှိ၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း မရှိ၊ တတိယအဆင့် (အနာဂါမ်) ရဟန်းသည်လည်း မရှိ၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်း သည်လည်း မရှိ။

သုဘဒ္ဒ အကြင် (ဓမ္မဝိနယ) ဟူသော သာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် ရှိ၏၊ ထို (အရိယမဂ်တရားရှိသော သာသနာတော်) ၌ (သောတာ ပန်) ရဟန်းသည်လည်း ရှိ၏၊ ဒုတိယအဆင့် (သကဒါ ဂါမ်) ရဟန်းသည်လည်း ရှိ၏၊ တတိယအဆင့် (အနာ ဂါမ်) ရဟန်းသည်လည်း ရှိ၏၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည်လည်း ရှိ၏။

သုဘဒ္ဒ (ငါ၏) (ဓမ္မဝိနယ) ဟူသော ဤသာသနာတော်၌ အင်္ဂါရှစ်ပါးရှိသော အရိယမဂ် (တရား) သည် ရှိပေ၏၊ ဤ (အရိယမဂ်တရားရှိသော သာသနာတော်) ၌သာလျှင် (သောတာပန်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာ တော်) ၌သာလျှင် ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်း သည် ရှိပေ၏၊ ဤ (သာသနာတော်) ၌သာလျှင် တတိယ အဆင့် (အနာဂါမ်) ရဟန်းသည် ရှိပေ၏၊ ဤ (သာသနာ တော်) ၌သာလျှင် စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည် ရှိပေ၏။ (ဤငါ၏ သာသနာတော်မှ) တစ်ပါးသော အယူ ဝါဒ (သာသနာ) တို့သည် တရားကို သိမြင်သော ရဟန်း မြတ် (တစ်ကျိပ်နှစ်ယောက်၁) တို့မှ ဆိတ်ကုန်၏၊ 

သုဘဒ္ဒ ဤရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်)တို့သည် မှန်စွာ (အဆင့်ဆင့် ဟောပြောလျက်) နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်ရာ၏-

သုဘဒ္ဒ (ငါသည်) သဗ္ဗညုတဉာဏ်ကို ရှာလိုသည်ဖြစ်၍ နှစ်ဆယ့်ကိုးနှစ် အရွယ်က ရဟန်းပြုခဲ့၏၊ သုဘဒ္ဒ ငါ ရဟန်းပြုသည်မှ စ၍ အနှစ်ငါးဆယ်ကျော်ခဲ့လေပြီ၊ ဤ (ငါ၏ သာသနာတော်) မှ အပ၌ အရိယမဂ်တရား၏ ရှေ့ပိုင်းဖြစ်သော ဝိပဿနာမဂ်ကို ပွါးစေသောသူသည် လည်း မရှိချေ၊ (သောတာပန်) ရဟန်းသည်လည်း မရှိချေ၊ ဒုတိယအဆင့် (သကဒါဂါမ်) ရဟန်းသည်လည်း မရှိချေ၊ တတိယ အဆင့် (အနာဂါမ်) ရဟန်းသည်လည်း မရှိချေ၊ စတုတ္ထအဆင့် (ရဟန္တာ) ရဟန်းသည်လည်း မရှိချေ။ (ဤ ငါ၏သာသနာတော်မှ) တစ်ပါးသော အယူဝါဒ (သာသနာ) တို့သည် တရားကို သိမြင်သော ရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့မှ ဆိတ်ကုန်၏။

သုဘဒ္ဒ ဤရဟန်းမြတ် (တစ်ကျိပ်နှစ်ယောက်) တို့သည် မှန်စွာ (အဆင့်ဆင့် ဟောပြောလျက်) နေကုန်ငြားအံ့၊ လောကသည် ရဟန္တာတို့မှ မဆိတ်မသုဉ်းသည်သာ ဖြစ်လေရာ၏''ဟု (ဟောတော်မူ၏)။ (ဒီ၊ ၂၊ ၁၂၄၊)

အထက်ပါ ဓမ္မစက္ကပဝတ္တနသုတ်ပါဠိတော်နဲ့ မဟာပရိ နိဗ္ဗာနသုတ်ပါဠိတော်တို့အရ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင် ရှစ်ပါး တရားကြောင့် နိဗ္ဗာန်ရောက်သူများ ရှိကြောင်း သောတာပန်ဖြစ်သူများ ရှိကြောင်း သိရပါတယ်။ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင် ရှစ်ပါး တရားအတိုင်း ဟောပြ ထားတဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင် ရှစ်ပါး တရား ကြောင့် နိဗ္ဗာန်ရောက်သူများ ရှိကြောင်း သောတာပန်ဖြစ် သူများ ရှိကြောင်း ယုံမှားဖွယ်မရှိပါ။

အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယကတော့ "မဟုတ်ဘူး မဟုတ်ဘူး။ အဲလိုမဟုတ်ဘူး အဲ့ဒီအဓိပ္ပါယ် မဟုတ်ဘူး။ မဂ္ဂင် (၈) ပါးက လူတိုင်းဟောတယ်။ အဲဒီအပေါ်မှာ သူတို့ ဘယ်လို-----"လို့ ပြောထားတာ တွေ့ရပါတယ်။ 

ဆိုလိုတာကတော့ မဂ္ဂင် ရှစ်ပါးကို လူတိုင်း ဟောပေမယ့် ဟောသူတိုင်းရဲ့ မဂ္ဂင်ရှစ်ပါးတရားကြောင့် နိဗ္ဗာန်မရောက် ဘူး၊ သောတာပန်တွေ မဖြစ်ဘူးလို့ ပြောချင်ပုံရှိပါတယ်။

အကြောင်းအရာအရ အဖြောင့်လိုက် ဖြောင့်ပြရရင်တော့ 

၁။ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင် ရှစ်ပါး တရားအ တိုင်း ဟောပြထားတဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင်ရှစ်ပါး တရားကြောင့် နိဗ္ဗာန်ရောက်သူ မရှိပါဘူး။ သောတာပန်ဖြစ် သူတွေ မရှိပါဘူး။

၂။ အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယ (သဘာဝဓမ္မ အရှင်သူရိယ)ရဲ့ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါး တရားနဲ့ မညီညွတ်တဲ့ မဂ္ဂင်ရှစ်ပါး အမည်တပ်ထားတဲ့ ပေါက်တတ်ကရဟောပြောချက်တွေကြောင့်သာလျှင် နိဗ္ဗာန်ရောက်သူတွေ ရှိတယ်။ သောတာပန်ဖြစ်သူတွေ ရှိတယ်-ဆိုတဲ့ အဖြောင့်အနက်အဓိပ္ပါယ်ကို သွယ်ဝိုက်ပြီး ပြောနေတာ ဖြစ်ပါတယ်။

ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင် ရှစ်ပါး တရားအ တိုင်း ဟောပြထားတဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင်ရှစ်ပါး တရားကြောင့် နိဗ္ဗာန်ရောက်သူ မရှိပါဘူး။ သောတာပန်ဖြစ် သူတွေ မရှိပါဘူးလို့ ပြောဆိုထားတဲ့ ပြောဆိုချက်တွေဟာ အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယ (သဘာဝဓမ္မ အရှင်သူရိယ)ရဲ့ အမှားတွေ ဖြစ်ပါတယ်။ 

ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင် ရှစ်ပါး တရားအတိုင်း ဟောပြထားတဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ မဂ္ဂင်ရှစ်ပါး တရား ကြောင့် နိဗ္ဗာန်ရောက်သူ မရှိပါဘူး။ သောတာပန်ဖြစ်သူ တွေ မရှိပါဘူးလို့ ပြောဆိုထားတဲ့ ပြောဆိုချက်တွေဟာ အရိယာမဏ္ဍိုင်တောရရိပ်သာ ဦးသူရိယ (သဘာဝဓမ္မ အရှင်သူရိယ)ရဲ့ တပည့် ကိုမောင်ကြီးဆိုသူရဲ့ အမှားတွေ ဖြစ်ပါတယ်။ 

ဆွေးနွေးသူ ရန်ရန်ရဲ့ တင်ပြချက်အတိုင်း ဒီဗုဒ္ဓသာသနာ တော်မှာ မဂ္ဂင်ရှစ်ပါးတရားဆိုတာ တစ်မျိုးတည်းသာ ရှိပါ တယ်။ ဘုရားရှင် ဟောကြားထားတဲ့အတိုင်းပဲ ဖြစ်ပါ တယ်။ အရှင်သာရိပုတြာမှ စပြီး သာသနာ့ဦးဆောင် ဆရာ တော်များ အဆက်ဆက်ကလည်း ဘုရားရှင် ဟောကြား ထားတဲ့အတိုင်းပင် ဆက်လက်ဟောကြားလာခဲ့ကြတာ ယနေ့ခေတ် ပါချုပ်ဆရာတော်ကြီးလည်း အပါအဝင် ဖြစ်ပါတယ်။

ပါချုပ်ဆရာတော်ကြီး ဟောကြားတဲ့ မဂ္ဂင်ရှစ်ပါးတရားဟာ ဦးသူရိယ ဟောပြောတဲ့ မဂ္ဂင်ရှစ်ပါးတရားလို မဟုတ်ဘူး လို့ ထုတ်ပြောလိုက်ခြင်းက ဦးသူရိယ ဟောပြောတဲ့ မဂ္ဂင် ရှစ်ပါးတရားဟာ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါး တရားတော် မဟုတ်ပါကြောင်း ဝန်ခံပြီးသား ဖြစ်သွားပါတယ်။ 

အထက်ပါ ကောက်နုတ်တင်ပြချက်များအရ စိစစ်ကြည့်ပါ က ဦးသူရိယနဲ့ ကိုမောင်ကြီးဆိုသူတို့ရဲ့ မဂ္ဂင်ရှစ်ပါးတရား ဆိုတာ ဘုရားရှင် ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးတရားနဲ့ မညီညွတ်ကြောင်း ထင်ရှားနေခြင်းကြောင့် အရိယာမဏ္ဍိုင် 

တောရရိပ်သာ ဦးသူရိယ (သဘာဝဓမ္မအရှင်သူရိယ)နဲ့ တပည်များ သာဝကအမည်ခံသူများ အားလုံးဟာ  ပူရဏ ကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓ ကစ္စာယန၊ ဗေလဋ္ဌရဲ့သား သဉ္စယ၊ နာဋရဲ့သား နိဂဏ္ဌတို့ လို ဗုဒ္ဓသာသနာပြင်ပက အညတိတ္ထိယများသာ ဖြစ်ကြောင်း၊ အညတိတ္ထိယသာဝကများသာ ဖြစ်ကြောင်း အလေးအနက် ရှင်းလင်းတင်ပြပေးလိုက်ပါတယ်။


အောင်မြိုင်(မစိုးရိမ်စာသင်သား)

7-11-2023

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)