ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေး တဲ့ သတင်းတွေ့ရပါတယ်။ ၂၀၂၆ခုနှစ်၊ ဇွန် ၂၀ ရက်နေ့ သတင်းဖော်ပြချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပါတယ်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက အသက်(၁၈)နှစ်အောက်ကလေးများကို လက်ခံထားသဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါအခြေခံအခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် ပညာရေး၊ ကျန်းမာရေးအခွင့်အရေးများ ရရှိရေးဆောင်ရွက်ပေးရန်၊ ကလေးသူငယ် တရားရုံးများက စေလွှတ်လိုက်သည့် ကလေးများဖြစ်သဖြင့် ပတ်ဝန်းကျင်အခြေအနေ၊ အကျင့်စာရိတ္တ၊ ဝါသနာထုံမှုနှင့် ပေါင်းသင်းဆက်ဆံမှုများကိုအခြေခံပြီး လိုအပ်သောစိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ရှိလာအောင် လူမှုဝန်ထမ်းနည်းစနစ်များဖြင့် ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုဝန်ကြီးနေရာကို တာဝန်ထမ်းဆောင်ခွင့်ရလို့ ဝမ်းမြောက်မိတာ အမှန်ပါပဲ။ ငယ်ရွယ်သူဆိုတော့ တက်ကြွတယ်။ ကိုယ်ချင်းစာတရား ရှိတယ်။ အများပြည်သူအကျိုးကို ရှေးရှုဆောင်ရွက်သူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။
သတင်းစာမှာ ဖော်ပြထားတဲ့ ဓာတ်ပုံအရ ဆိုရင် ဒုဝန်ကြီးနဲ့ တာဝန်ရှိသူများဟာ လူငယ်တွေ အိပ်တဲ့ အိပ်ယာပေါ်ကို ရှိုးမပျက် ဖိနပ်စီးပြီးတက်တယ်။ ဒါလည်း ပြဿနာကြီးတော့ မဟုတ်ပါဘူး။ ဖိနပ်မချွတ်တဲ့ လူတန်းစားထဲက လူတွေမို့လို့ လူငယ်တွေ အိပ်တဲ့ အိပ်ယာပေါ်လည်း ဖိနပ်မချွတ်ဘဲ တက်ခဲ့မိတာ။ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတဲ့ ကိစ္စလို့ မှတ်ယူလို့ရပါတယ်။
ဒုဝန်ကြီး ဖိနပ်စီးပြီးတက်ခဲ့တဲ့ လူငယ်တွေအိပ်တဲ့ နေရာကို ကြည့်ရင် တမံတလင်းပေါ် ကောဇောခင်းပေးထားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလို အိပ်ယာနေရာမျိုးကို တစ်ညမဟုတ်ပါဘူး။ ၂နာရီလောက် ကျောခင်းပြီး အိပ်ကြည့်ပါ။ တော်တော်တန်တန်လူဆိုရင် ဖျားသွားမယ်။ ခန္ဓာကိုယ် ညောင်းညာကိုက်ခဲလာမယ်။ တမံတလင်းရဲ့ အစွမ်းပြခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒီလူငယ်တွေ နေ့စဉ် ဒီလို တမံတလင်းပေါ်မှာ အိပ်နေကြတာဆိုရင်တော့ အသက်မရှည်နိုင်ပါဘူး။ ခန္ဓာကိုယ်ဟာ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အရွယ်မတိုင်မီ လေဖြတ်၊ လေဖြန်း ရောဂါဝေဒနာတွေ ခံစားကြရမှာ သေချာပါတယ်။ ဒါတွေကို ဒေါက်တာတစ်ဦးက စာရေးသူထက် ပိုသိနိုင်ပါတယ်။
ဆရာဝန်တစ်ယောက်အနေနဲ့ ဒီလို အိပ်တာမျိုးဟာ မသင့်တော်ဘူး။ အိပ်တဲ့နေရာကို သစ်သားကွပ်ပစ်လေးတွေ စီစဉ်ပေးဖို့၊ လိုအပ်ရင်လည်း ဝန်ကြီးဌာနက ဘက်ဂျက်ချပေးဖို့ ပြောဆိုခဲ့မယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲ။ ကွပ်ပစ်ဆိုတဲ့နေရာမှာ အဆင့်မြင့်ဖို့ မလိုပါဘူး။ အထပ်သားကို (၃×၂)ဖရိန်လေးတွေ ခံပေးရင်ကို အဆင်ပြေမှာပါ။ သစ်သားဈေးကြီးလွန်းရင်လည်း အထပ်ထားကို ဟော်လိုဖရိန်လေးနဲ့ တွဲခင်းပေးထားရင် လူငယ်လေးတွေ အိပ်တဲ့အခါ အဆင်ပြေမှာပါ။ တမံတလင်းကြီးပေါ်မှာ အစဉ်အမြဲအိပ်လို့ အဆင်ပြေပါ့မလား ဒုဝန်ကြီးလည်း ခံစားမိမှာပါ။
ဒီလူငယ်တွေဆိုတာလည်း လူဆိုးလေးတွေမို့ ထိန်းသိမ်းရေးစခန်းကို ရောက်နေကြတာပါ။ လူဆိုးလေးတွေ ဖြစ်သော်လည်း နိုင်ငံတော်အနေနဲ့ကတော့ လူကောင်းလေးတွေ ပြန်ဖြစ်လာစေဖို့ ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ လူဆိုးလေးတွေ ကောင်းလာအောင် ပြုစုစောင့်ရှောက်ထားခြင်း ဖြစ်သည့် အားလျှော်စွာ နေထိုင်၊ စားသောက်မှုအခြေအနေကိုလည်း သင့်တင်လျောက်ပတ်အောင် ဆောင်ရွက်ပေးဖို့ ကောင်းသောအကြံပြုခြင်းပါ။
#MNP #News

No comments:
Post a Comment