ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academy မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academy မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ


နေပြည်တော်၊ ဇွန် ၃၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academy မှ ပါမောက္ခချုပ် ဒေါက်တာနုနုလွင်ဦးဆောင်သည့် ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်အား ယမန်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသဘင်ဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောင်းသား ကျောင်းသူများကို အနာဂတ်လူငယ် အုတ်တစ်ချပ် သဲတစ်ပွင့် Video Clip ကို ဦးစွာပြသသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်လေ့လာကြသည့် Naypyitaw State Academy ဘာသာရပ်အသီးသီးမှ‌ ကျောင်းသားကျောင်းသူများအား ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ ယနေ့အစည်းအဝေးတွင် လေ့လာသင့် လေ့လာထိုက်သည်များကို လေ့လာခွင့်ရသည့်အတွက် အထိုက်အလျောက် အကျိုးရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လွှတ်တော်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် မဲပေးရွေးချယ်ရသည့် ရွေးကောက်ပွဲစနစ်ဖြင့် ဖြတ်သန်းရသော မဲဆန္ဒနယ်မြေရှိပြည်သူများမှ မိမိတို့၏အသဲကြားကမဲတစ်ပြားကို မိမိတို့နှစ်သက်သည့် ပုဂ္ဂိုလ်၊ မိမိဒေသအကျိုးကို သယ်ပိုးဆောင်ရွက်ပေးနိုင်သည့်ပုဂ္ဂိုလ်များကို မဲပေးရွေးချယ်၍ စုစည်းထားသည့်နေရာကို လွှတ်တော်ဟုခေါ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပြီး ပြည်သူ့လွှတ်တော်ဆိုသည်မှာ မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များ ပါဝင်ပါကြောင်း၊ အမျိုးသားလွှတ်တော်ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်ထားသူများ ပါရှိပါကြောင်း၊ အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ပေါင်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆုံးဖြတ်ရပါကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များရှိပါကြောင်း။

လွှတ်တော်၏ အဓိကတာဝန်များအနေဖြင့် အစိုးရတစ်ရပ်ဖြစ်တည်ရေးအတွက် နိုင်ငံအကြီးအကဲများနှင့် လွှတ်တော်အကြီးအမှူးများကို ရွေးချယ်တင်မြှောက်ပေးရပါကြောင်း၊ ဥပဒေပြုရေးသည် လွှတ်တော်၏အဓိကတာဝန်ဖြစ်ပြီး နိုင်ငံတော်တွင် မြန်မာဘာသာဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ ၁၄၉ ခုရှိပြီး အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့်ဥပဒေပေါင်း ၁၀၀ ကျော်ရှိကာ ပြည်သူ့လွှတ်တော်က အစဉ်အမြဲလေ့လာသုံးသပ်၍ ခေတ်နှင့်လျော်ညီသည့် ဥပဒေများကိုပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း ခေတ်စနစ်နှင့် မကိုက်ညီသည့်ဥပဒေများကို အသစ်ပြန်လည်ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ ထို့အပြင် ဥပဒေပြုရေးမဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊ အကြံပြုခြင်း၊ တိုက်တွန်းခြင်းနှင့် အဆိုပြုခြင်းတို့ကိုလည်း ဆောင်ရွက်ရပါကြောင်း၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက် ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မဲပေးရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှတစ်ဆင့် အစိုးရနှင့် ပြည်သူအကြား ခါးဆက်သဖွယ် ပေါင်းကူးဆောင်ရွက်ရပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့သည် ဟန်ချက်ညီညီဖြင့် လက်တွဲပူးပေါင်း၍ ဆောင်ရွက်ရသည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် Naypyitaw State Academyမှ ပါမောက္ခချုပ် ဒေါက်တာနုနုလွင်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့အား အမှတ်တရ လက်ဆောင်များပေးအပ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍနှင့် လွှတ်တော်မဲခွဲစနစ်၊ ဥပဒေပြုရေးအဆင့်ဆင့်နှင့် ပညာရေးကဏ္ဍများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့က တက်ရောက်လာကြသည့် Naypyitaw State Academy မှ ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)