ကလေး - တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင်တမံအား ပြန်လည်သိမ်းပိုက်ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေး - တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင်တမံအား ပြန်လည်သိမ်းပိုက်ရရှိ









နေပြည်တော်၊ ဇွန် ၁၄

တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး- တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကလေး-တမူးလမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေး နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဇွန်လ ၇ ရက်နေ့မှစတင်၍ ကလေးဘက်မှ လည်းကောင်း၊ တမူးဘက်မှလည်းကောင်း စစ်ကြောင်းများအသီးသီးခွဲကာ ဟန်ချက်ညီညီ ချီတက်၍ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် ကလေးဘက်မှ နယ်မြေရှင်းလင်း၍ချီတက်လာသော စစ်ကြောင်းသည် ရာဇဂြိုဟ်ကျေးရွာအား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း ရာဇဂြိုဟ် ရေလှောင်တမံအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ ရာဇဂြိုလ်ရေလှောင်တမံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်ပိုင်းရှိ ရာဇဂြိုလ်ကျေးရွာအနီးတွင်တည်ရှိကာ ကဘော်ချိုင့်ဝှမ်းဒေသအတွင်း စိုက်ပျိုးရေ ပေးဝေရေး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးတို့အတွက် ရည်ရွယ်ဆောက်လုပ်ထားသည့် တာတမံ ဖြစ်ပြီး ၂၀၀၃-၂၀၀၄ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့သဖြင့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စတင်လည်ပတ်ခဲ့သည်။ ရာဇဂြိုလ် ရေလှောင်တမံ၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုအနေဖြင့် စက်တပ်စွမ်းအား မဂ္ဂါဝပ်ရှိပြီး ရေလှောင်နိုင်စွမ်းမှာ ၅၂၀၀၀ ဧကပေရှိသဖြင့် စိုက်ပျိုးမြေဧရိယာ ၈၀၀၀ ဧကကို ရေပေးဝေ နိုင်သဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဘက်တစ်လမ်း မှ အထောက်အကူပြုလျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရာဇဂြိုလ်ရေလှောင်တမံအား ထိန်းချုပ် ထားစဉ်အတွင်း အဆိုပါရေလှောင်တမံကြီး၌ ဘန်ကာများ၊ ပစ်ကျင်းများပြုလုပ်၍ စစ်စခန်း အဖြစ် အသုံးပြုလျက်ရှိသည့်အပြင် ပြည်သူများ၏ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးရေရရှိရေးများအတွက် ထောက်ထားငဲ့ညှာမှုမရှိဘဲ ၎င်းတို့ကိုယ်ကျိုးစီးပွား အတွက်သာ လိုအပ်သလို အသုံးချပြီး ရေထိန်းတံခါးများအား ဖွင့်ခြင်း/ပိတ်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ပတ်ဝန်းကျင်ကျေးရွာနေပြည်သူများ လျှပ်စစ်မီးမရရှိခြင်း၊ သောက်သုံးရေ ဖူလုံစွာ မရရှိခြင်းနှင့် စိုက်ပျိုးရေ ဖူလုံစွာမရရှိခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်သမားများ ယာယီစိုးမိုး ထိန်းချုပ်ထားခဲ့သည့် ရာဇဂြိုလ်ရေလှောင်တမံအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ဒေသနှင့် ဒေသတွင်းနေထိုင်ကြသည့် ပြည်သူလူထု၏ လူမှု၊ စီးပွားဘဝ ပျက်စီးခြင်းများမှ ကာကွယ်ပေးနိုင်ခဲ့ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်တော့ မည့်အပြင် ရေထိန်းတံခါးများအား ပုံမှန်ချိန်အတိုင်း စနစ်တကျ ဖွင့်/ပိတ်ခြင်း၊ ရေထိန်း ရေလှောင်ခြင်း၊ ရာသီအလိုက် စနစ်တကျရေပေးဝေခြင်း၊ ရေလွှတ်ခြင်းများဆောင်ရွက်ပြီး ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးများ၊ သောက်သုံးရေများ၊ စိုက်ပျိုးရေမျာ ရေများ ဖူလုံစွာရရှိအောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများကလည်း ဝမ်းမြောဂ ာက် ဝမ်းသာစွာဖြင့် တပ်မတော်စစ်ကြောင်းများအပေါ် ကျေးဇူးတင်မဆုံးဖြစ်နေကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ယာယီစိုးမိုးထားစဉ်အတွင်း၌လည်း အဆိုပါလမ်းကြောင်း တစ်လျှောက်၌ သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေး များကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးခဲ့ရပြီး ဒေသခံပြည်သူများအနေဖြင့် လူသုံးကုန်နှင့် စားသောက်ကုန်များကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူစားသုံးနေရပြီး လူမှုစီးပွားဘဝများ အနိမ့်ဆုံးသို့ကျဆင်းခဲ့ရသည်။

ထို့ပြင် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် လမ်းကြောင်းတစ်လျှောက်ရှိကျေးရွာများအတွင်းဝင်ရောက်၍အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ပြည်သူလူထု၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များအသုံးပြု၍ ဘန်ကာများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများ တူး၍ စစ်စခန်းအဖြစ်အသုံးပြုပြီး ယာယီခံစစ်ဆင်ကာ တပ်မတော်စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။

အလားတူ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ကျေးရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ရန်အတွက် ရာဇဂြိုဟ်ကျေးရွာရှိ ပြည်သူလူထု၏နေအိမ်များ၌ သဲအိတ် များ၊ တာယာကွင်းများ အသုံးပြု၍ ဘန်ကာများဆောက်လုပ်ကာ ပစ်ကျင်းများတူး၍ စစ်စခန်း အဖြစ် အသုံးပြုပြီး ယာယီခံစစ်ဆင်ထားသည်ကိုလည်း တွေ့ရှိရသည်။

ယခုအခါ တပ်မတော်စစ်ကြောင်းများက ဒေသတွင်း ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ကလေး-တမူးလမ်းကြောင်းကို အမြန်ဆုံးပြန်လည် ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး အကြမ်းဖက်သောင်းကျန်သူများအား တိုက်ခိုက်ချေမှုန်းနိုင်ရေး နယ်မြေ လုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)