ပခုက္ကူ၊ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ဆက်လက်သင်ယူခွင့်ရရှိရေး အတွက် Placement Test(အထူးအစီအစဉ်)ကို ယနေ့နံနက် ၉နာရီအချိန်ကစတင်ပြီး စာစစ်ဌာန ၂ခုတွင် ကျင်းပရာ ဝင်ရောက်ဖြေဆိုသူ ၁၄၂၁ဦး ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၌ Placement Test(အထူးအစီအစဉ်)ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် မူလတန်းအဆင့်နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့် စသည်ဖြင့် စာစစ်ဌာန ၂ခုသတ်မှတ်၍ ကျင်းပလျက်ရှိကြောင်း၊ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် Grade-1မှ Grade-5အထိ မူလတန်းအဆင့်တွင် စာရင်းပေးသွင်းထားသူ ၁၀၀၈ဦးအနက် ၈၁၈ဦး၊ Grade-6မှ Grade-8အထိ အလယ်တန်းအဆင့်တွင် စာရင်းပေးသွင်းထားသူ ၁၃၀၆ဦး အနက် ၆၀၃ဦး၊ စုစုပေါင်းကျောင်းသား ကျောင်းသူ ၁၄၂၁ ဦး ဝင်ရောက်ဖြေဆိုကြရာ ရာခိုင်နှုန်းအားဖြင့် ၈၅ဒသမ၅၅ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
၂၀၂၁-၂၀၂၂ပညာသင်နှစ်မှစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိပြီး ကျောင်းရပ်နားထားခဲ့ရသော ကလေးများအတွက် ပညာအရည်အချင်းအရသော်လည်းကောင်း၊ အသက်အရွယ်အရသော်လည်းကောင်း သင့်လျော်ကိုက်ညီသည့် အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းတို့တွင် ပြန်လည်တက်ရောက်ခွင့်ရရှိနိုင်ရေး Placement Test (အထူးအစီအစဉ်)စာမေးပွဲကျင်းပ ပေးခြင်းဖြစ်ပြီး ဖြေဆိုခွင့်လျှောက်လွှာများကို မေလ၂၂ရက်မှဇွန်လ ၁၄ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News

No comments:
Post a Comment