ဘန်ကောက်မြို့ ဘားဆိုင် မီးလောင်မှုအတွင်း လူ ၂၇ ဦး သေဆုံး၊ ၂၂ ဦး အပြင်းအထန် ဒဏ်ရာရဟု ဘန်ကောက်မြို့တော်ဝန် အတည်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘန်ကောက်မြို့ ဘားဆိုင် မီးလောင်မှုအတွင်း လူ ၂၇ ဦး သေဆုံး၊ ၂၂ ဦး အပြင်းအထန် ဒဏ်ရာရဟု ဘန်ကောက်မြို့တော်ဝန် အတည်ပြု





ဘန်ကောက်၊ ဇူလိုင် ၁၃ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇူလိုင် ၁၂ ရက် ညသန်းခေါင်က ဖြစ်ပွားခဲ့သည့် ဘားဆိုင်မီးလောင်မှုအတွင်း သေဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရရှိသူ ၆၃ ဦးရှိပြီး ယင်းအနက် ၂၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း အတည်ပြုခဲ့သည်ဟု ဘန်ကောက်မြို့ မြို့တော်ဝန် Chadchart Sittipunt က ဇူလိုင် ၁၃ ရက်၌ မီဒီယာများထံ သတင်းထုတ်ပြန်ခဲ့သည်။

ဒေသစံတော်ချိန် ဇူလိုင် ၁၂ ရက် ည ၁၁ နာရီ ၅၇ မိနစ်ခန့်တွင် ဘန်ကောက်မြို့ ချက်တူးချက်ခရိုင် Lat Phrao လမ်း အနီးရှိ ဘားဆိုင်တစ်ဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ယင်းအနက် အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၉ ဦး ပါဝင်ကြောင်း ထိုင်းမီဒီယာများက ထိုမတိုင်မီ သတင်းဖော်ပြကြသည်။

မီးသတ်ဌာနသည် မီးလောင်ကြောင်း အသိပေးတိုင်ကြားမှု လက်ခံရရှိပြီးနောက် မီးလောင်ပြင်သို့ အမြန်ဆုံးရောက်ရှိခဲ့ကြောင်း၊ သို့သော် ရောက်ရှိချိန်တွင် ဘားဆိုင်အတွင်း၌ မီးတောက်သည် အလျင်အမြန် ပျံ့နှံ့နေပြီဖြစ်ကြောင်း၊ သေဆုံးသူ ၂၇ ဦးအနက် ၆ ဦးကိုသာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ပြီးဖြစ်ရာ ယင်းအနက် ၂၂ ဦးသည် ဒဏ်ရာပြင်းထန်သဖြင့် လေပြွန်ထည့်သွင်း၍ ကုသမှုခံယူရန် လိုအပ်ကြောင်း Chadchart Sittipunt က မီးလောင်မှုဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးဝန်ထမ်းများ၏ အစီရင်ခံတင်ပြမှုကို နားထောင်ပြီးနောက် ပြောကြားခဲ့သည်။ လက်ရှိအရေးကြီးဆုံးအလုပ်မှာ သေဆုံးဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အချင်းဖြစ်ပွားရာနေရာတွင် စစ်ဆေးချက်အရ ဘားဆိုင်၏ မျက်နှာကြက်အားလုံး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသော်လည်း ပလတ်စတစ်ထိုင်ခုံများကမူ အခြေခံအားဖြင့် ပျက်စီးခြင်းမရှိကြောင်း၊ ကနဦးမှန်းဆချက်အရ အမှန်တကယ် သေဆုံးမှုဖြစ်ရခြင်းမှာ အလျင်အမြန်ပျံ့နှံ့သွားသည့် အဆိပ်ရှိဓာတ်ငွေ့မီးခိုးများကြောင့်ဖြစ်ကြောင်း၊ လူအများအပြားသည် အချင်းဖြစ်ပွားရာနေရာတွင် မှောင်မည်းနေသဖြင့် ဦးတည်ချက်ပျောက်ကာ အရေးပေါ်ထွက်ပေါက် ရှာမတွေ့ခဲ့ခြင်းဖြစ်နိုင်ကြောင်း Chadchart Sittipunt က ပြောကြားခဲ့သည်။

မီးလောင်မှု မဖြစ်ပွားခင် ဘားဆိုင်၏ စင်မြင့်အနီးရှိ breaker box အနီးတွင် မီးခိုးလုံးများ ပေါ်ထွက်လာခဲ့ကြောင်း၊ ထို့နောက် ဘားဆိုင်တွင်မီးပျက်သွားပြီး ပေါက်ကွဲသံ ပေါ်ထွက်ကာ မီးတောက်များ အလျင်အမြန် ပျံ့နှံ့သွားကြောင်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်စပ်လျဉ်း၍ အသက်ရှင်ကျန်ရစ်သူများက မီဒီယာများကို ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ အဆိုပါဘားဆိုင်တွင် စားသောက်ဆိုင်နှင့် live music ဖျော်ဖြေတင်ဆက်မှုလိုင်စင်ရှိပြီး အရေးပေါ်ထွက်ပေါက်လမ်းကြောင်းနှစ်ခု ထားရှိထားကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်တွင် အရေးပေါ်ထွက်ပေါက်လမ်းကြောင်း၌ အတားအဆီးပစ္စည်းများ ပိတ်ဆို့ထားခြင်း ရှိ၊ မရှိကို တစ်ဆင့်တိုး စုံစမ်းမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။


Ref - (Xinhua)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)