မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနနှင့် ကျီးရှီးမြူနီစီပယ်အစိုးရ တို့၏ ဖိတ်ကြားချက်အရ ၈-၇-၂၀၂၆ ရက်နေ့မှ ၉-၇-၂၀၂၆ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ်၊ ကျီးရှီးမြို့၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ခဲ့သည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ၈-၇-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျီးရှီးမြို့၊ မြို့တော်ဧည့်ခံရေးစင်တာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး မစ္စတာရွှီချင်း (Xu Qin) နှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီးနှင့်အတူတရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်နှင့် အတွင်းရေးမှူးချုပ် ၊ ဟေလုံကျန်းပြည်နယ် အစိုးရအဖွဲ့ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး ၊ ကျီးရှီးမြို့နယ် ကော်မတီ အတွင်းရေးမှူး ၊ ဟေလုံကျန်းပြည်နယ်၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာန ညွှန်ကြားရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီးနှင့် ဟေလုံကျန်းကိုယ်စားလှယ်အဖွဲ့တို့အကြား ယခင်က ဆွေးနွေးခဲ့သည့် ဆွေးနွေးပွဲရလဒ်များကို မြန်မာနိုင်ငံအနေဖြင့် အလေးထား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ထင်ရှားကျော်ကြားသော ဟာဘင်ရေခဲနှင့် ဆီးနှင်းကမ္ဘာ (Harbin Ice and Snow World) သည် မြန်မာပြည်သူများအကြား အထူးရေပန်းစား လူကြိုက်များလျက်ရှိသည့်အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ကဏ္ဍအသီးသီးနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိလာစေရန် မိတ်ဆက်ကြော်ငြာပေးသွားမည် ဖြစ်ပါကြောင်း၊ တစ်ဆက်တည်းအနေဖြင့် တရုတ်နိုင်ငံမှ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်မည့် ရေခဲပွဲတော်တွင် မြန်မာနိုင်ငံ၏ အထင်ကရအထိမ်းအမှတ် (Landmark) တစ်ခုအား ရေခဲပုံ ထုဆစ်ပြသပေးပါရန်ကြိုတင်အဆိုပြုထားမှုအပေါ် တရုတ်-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုထင်ဟပ်ပေါ်လွင်စေရန်အတွက် မြန်မာနိုင်ငံ၏ အထင်ကရအထိမ်းအမှတ်တစ်ခု အား ရေခဲပုံထုဆစ်ပြသသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူး ရွှီချင်း (Xu Qin) က ပြန်လည်ဆွေးနွေးပြောကြားရာ၌ ဟေလုံကျန်းပြည်နယ်၏ ထူးခြားဆန်းသစ်သော ရေခဲပြင် နှင့် ဆီးနှင်းရှုခင်းများ၊ မြန်မာနိုင်ငံ၏ လှပသော အပူပိုင်းဒေသ ရှုခင်းများကိုအခြေခံ၍ ရေခဲပြင်၊ ဆီးနှင်းနှင့် အပူပိုင်းဒေသ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကဏ္ဍကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန်၊ နှစ်နိုင်ငံလူငယ်များအကြား လူငယ်လေ့လာရေးခရီးစဉ်များ ဖော်ဆောင်ရန်၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဖလှယ်မှုများကို တိုးမြှင့်ပြုလုပ်သွားရန်နှင့် လာမည့် ရေခဲပွဲတော် တွင် ပါဝင်ဆင်နွှဲရန် မြန်မာနိုင်ငံအား လှိုက်လှဲစွာ ဖိတ်ခေါ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရေးကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ့အထိမ်းအမှတ်အား ရေခဲပုံ ထုဆစ်ပြသရေးကိစ္စနှင့်စပ်လျဉ်း၍ အဆိုပြုဆွေးနွေးခဲ့မှုအပေါ် ယခုပွဲတော်တွင် လက်တွေ့အကောင်အထည်ဖော်နိုင်ရေးဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၉-၇-၂၀၂၆ ရက်နေ့တွင် ကျီးရှီးမြို့ရှိ ခရီးသွားဆွဲဆောင်ရာနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပေ့တာဟွမ် (Beidahuang) လက်ရေးလှ စာအနုပညာပြခန်းသို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းဆိုင်ရာ ပြကွက်များနှင့် အနုပညာလက်ရာများကို လေ့လာခဲ့ကြ ပါသည်။ ဆက်လက်၍ မီဆန်းမြို့ (Mishan) ရှိ အာရှတိုက်တွင် အကြီးဆုံး ရေချိုနယ်စပ်ကန်ကြီး ဖြစ်သည့် ရှင့်ခိုင်ရေကန် (Xingkai Lake) ရှုမျှော်စင်သို့ သွားရောက်၍ ဒေသ၏ ထင်ရှားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၊ ဒေသထွက် စိုက်ပျိုးရေး ထုတ်ကုန်များကို ခရီးသွား ဆွဲဆောင်မှု အဖြစ် စနစ်တကျ ဖော်ဆောင်ထားရှိမှုအခြေအနေများကို လေ့လာခဲ့ကြသည်။ ထို့နောက် ပိုင်ယွီဝမ်မြို့နယ် (Baiyuwan) ရှိ ဟူရန်ကျေးရွာ (Huran) သို့ ဆက်လက်သွားရောက်ခဲ့ပြီး ဒေသခံတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ကျေးလက် ခရီးသွားလုပ်ငန်း (Rural Tourism) ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် ထားရှိမှု အခြေအနေများကို လေ့လာခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၀-၇-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကျီးရှီးမြို့ရှိ ကျီးရှီးရေခဲပြင်အားကစားကွင်းသို့ သွားရောက်ခဲ့ပြီး ရေခဲပြင်နှင့် ဆီးနှင်းအားကစားကို အခြေခံသည့် အားကစားခရီးသွားလုပ်ငန်း (Sports Tourism) ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပါသည်။ ဆက်လက်၍ ညနေပိုင်းတွင် ဟေလုံကျန်းပြည်နယ်၏ ထူးခြားဆန်းသစ်သော ရာသီအလိုက် သဘာဝရှုခင်းများနှင့် ရေခဲပြင်၊ ဆီးနှင်းယဉ်ကျေးမှုဆိုင်ရာ အနုပညာပြကွက်များကို ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ် ခင်းကျင်းပြသထားသော ဟာဘင်မြို့ရှိ Dream Ice and Snow Pavilion ရေခဲပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News











No comments:
Post a Comment