အီဂျစ်မှာ ဆောက်နေတဲ့ ရုရှားနျု့ဓာတ်အားပေးစက်ရုံက ပြီးတော့မယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီဂျစ်မှာ ဆောက်နေတဲ့ ရုရှားနျု့ဓာတ်အားပေးစက်ရုံက ပြီးတော့မယ်လို့ ဆို


ဇူလိုင် - ၇ ( အင်္ဂါနေ့ ) 

အီဂျစ်နိုင်ငံရဲ့ ပထမဆုံး နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖြစ်တဲ့ အယ်လ်ဒါဘာစက်ရုံ တည်ဆောက်ရေးမှာ မော်စကို (ရုရှား) ဘက်က ပူးပေါင်းဆောင်ရွက်ပေးခဲ့တဲ့အတွက် အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီ က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မြို့တော်သစ်မှာရှိတဲ့ အီဂျစ်နိုင်ငံရဲ့ နိုင်ငံတော်ဗျူဟာမြောက် စစ်ကွပ်ကဲမှုဌာနချုပ် ဖွင့်ပွဲ အခမ်းအနား အပြီးမှာ သမ္မတ အယ်လ်စီစီက အခုလို ပြောကြားခဲ့တာဖြစ်ပြီး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နေတဲ့ စီမံကိန်းတွေရဲ့ အောင်မြင်မှုတွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် တိုးတက်မှု အလားအလာတွေကို ထောက်ပြ ပြောဆိုသွားခဲ့တာပါ။

အီဂျစ်ခေါင်းဆောင်က “ကျနော်တို့ရဲ့ အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေမှာ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေ ဆက်တိုက်ရရှိနေစေတဲ့ အပြုသဘောဆောင်ပြီး ရေရှည်တည်တံ့တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ရုရှားဖက်ဒရယ်နိုင်ငံတော်ကို ဒီနေရာကနေတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” လို့ ဆိုပါတယ်။

အဲဒီဓာတ်အားပေးစက်ရုံရဲ့ ဒုတိယမြောက် ယူနစ်အတွက် နျူကလီးယားဓာတ်ပေါင်းဖို ဖိအားထိန်းကန်  ကို တပ်ဆင်မယ့်အလုပ်ကိုလည်း ရက်ပိုင်းအတွင်းမှာတင် ပြုလုပ်နိုင်တော့မှာဖြစ်တယ်လို့ သမ္မတ အယ်လ်စီစီက ပြောကြားခဲ့ပါတယ်။

သူက ဆက်ပြီးတော့ “ဒီစက်ရုံဟာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွက်ရော၊ ပြည်သူတွေ လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက်ပါ သန့်စင်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်လို့ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သိသိသာသာ အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာမှာပါ” လို့ အလေးအနက် ပြောဆိုသွားခဲ့ပါတယ်။

အယ်လ်ဒါဘာ စီမံကိန်းဟာ ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း ရိုဆာတွမ် အတွက် အာဖရိကတိုက်မှာ ပထမဆုံးအကြိမ် လုပ်ဆောင်တဲ့ အကြီးစား နျူကလီးယားစွမ်းအင် စီမံကိန်းဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကိုတော့ ရုရှား-အီဂျစ် အစိုးရအချင်းချင်း သဘောတူညီချက်အရ ၂၀၁၅ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာပါ။ ဒီစက်ရုံမှာ စုစုပေါင်း မီဂါဝပ် ၄,၈၀၀ ထွက်ရှိမယ့် VVER-1200 ဓာတ်ပေါင်းဖို (၄) လုံး ပါဝင်မှာဖြစ်ပြီး၊ စက်ရုံလည်ပတ်သွားရင် လူဦးရေ သန်း ၂၀ ဝန်းကျင်အတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ ရိုဆာတွမ် ဘက်က ဆိုပါတယ်။ 

ဒီစီမံကိန်းတစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကိုတော့ ဒေါ်လာ ၂၈.၇၅ ဘီလီယံလောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ တည်ဆောက်ရေး ကုန်ကျစရိတ်ရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကိုတော့ ရုရှားနိုင်ငံကနေ အီဂျစ်နိုင်ငံကို တစ်နှစ်အတိုးနှုန်း ၃ ရာခိုင်နှုန်းနဲ့ (၂၂) နှစ်သက်တမ်းရှိတဲ့ ချေးငွေအဖြစ် ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)