Pages

Pages

အီရန်ခေါင်းဆောင် ခါမေနီရဲ့ ဈာပနကို စစ်ဖြစ်ပြီး ၄ လ ကြာမှ ကျင်းပနိုင်ခဲ့





ဇူလိုင် - ၄ ( စနေနေ့ ) 

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံရဲ့ ကွယ်လွန်သူအဓိပတိ အယာတိုလာ အလီ ခါမေနီ အတွက် တစ်ပတ်ကြာ ကျင်းပမယ့် နိုင်ငံတော်ဈာပနအခမ်းအနားကို အီရန်နိုင်ငံမှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ဒါဟာ သူ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ၄ လကျော်အကြာမှ ကျင်းပနိုင်တာလည်း ဖြစ်ပါတယ်။

ဒီဈာပနအခမ်းအနားဟာ ခါမေနီရဲ့ ဆယ်စုနှစ် ၄ ခုနီးပါးကြာ အုပ်ချုပ်မှုအဆုံးသတ်ကို ဖော်ညွှန်းနေပြီး ဝမ်းနည်းပူဆွေးသူ ပြည်သူသန်းပေါင်းများစွာ တက်ရောက်ကြလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ဒါ့အပြင် ဒီဈာပနဟာ ခေတ်သစ်သမိုင်းတစ်လျှောက် လူအစည်ကားဆုံး ဈာပနအခမ်းအနားကြီးတွေထဲက တစ်ခု ဖြစ်လာနိုင်ခြေရှိပါတယ်။ 

အယာတိုလာ အလီ ခါမေနီ ဟာ ၁၉၈၉ ခုနှစ်ကနေ သူလုပ်ကြံခံခဲ့ရတဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အီရန်နိုင်ငံရဲ့ အဓိပတိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ အစ္စလာမ်မစ်သမ္မတနိုင်ငံကို တည်ထောင်သူ အာယတိုလာ ရူဟိုလာ ခိုမေနီ  ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တာဖြစ်ပြီး နိုင်ငံကို ၃၇ နှစ်နီးပါးကြာ ဦးဆောင်ခဲ့တာကြောင့် အဲဒီဒေသတွင်းမှာ သက်တမ်းအရှည်ဆုံး အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ ရွေးကောက်ခံသမ္မတတစ်ဦး ရှိနေပေမယ့်လည်း အဓိပတိ (ခေါ်) အမြင့်ဆုံးခေါင်းဆောင်ဟာ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး တပ်မတော်၊ နိုင်ငံခြားရေးမူဝါဒနဲ့ တရားစီရင်ရေး ကဏ္ဍတွေအပါအဝင် အဓိကကျတဲ့ နိုင်ငံတော်အရေးကိစ္စအားလုံးမှာ နောက်ဆုံးပြတ်သားတဲ့ ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိသူ ဖြစ်ပါတယ်။

ခါမေနီဟာ နိုင်ငံရေးထက်ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍမှာပါ ပါဝင်ပတ်သက်နေတဲ့ ရှီယာဗဟိုအဆင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင်  တစ်ဦးလည်း ဖြစ်ပါတယ်။ သူ အုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း အီရန်နိုင်ငံဟာ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ အမေရိကန်နဲ့ အစ္စရေးတို့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကို ရင်ဆိုင်ခဲ့ရသလို တစ်ဖက်မှာလည်း ဒေသတွင်း သြဇာအာဏာနဲ့ နယ်မြေဖြန့်ကြက်မှုကို တိုးချဲ့နိုင်ခဲ့ပါတယ်။

အာယတိုလာ ခါမေနီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်နိုင်ငံအပေါ် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ်အတွင်း တီဟီရန်မြို့လယ်ခေါင်မှာရှိတဲ့ သူရဲ့နေအိမ်နဲ့ ရုံးဝင်းအတွင်း ဗုံးကြဲခံရပြီး လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခါမေနီဟာ အဲဒီတိုက်ခိုက်မှုအတွင်း သူရဲ့သမီးဖြစ်သူ၊ သမက်ဖြစ်သူနဲ့ ၁၄ လ အရွယ် မြေးမလေးအပါအဝင် မိသားစုဝင်အချို့နဲ့အတူ သေဆုံးသွားခဲ့တာပါ။ အဲဒီနောက်ပိုင်း သီတင်းပတ် အနည်းငယ်အကြာမှာတော့ သူရဲ့အရိုက်အရာကို ဆက်ခံပြီး အဓိပတိအသစ်အဖြစ် တရားဝင် တက်ရောက်လာတဲ့ သားဖြစ်သူ မာ့ဂျ်တာဘာ ခါမေနီ  ဟာလည်း အဲဒီတိုက်ခိုက်မှုမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး အခုအချိန်အထိ လူမြင်ကွင်းရှေ့ကို တစ်ကြိမ်မှ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

အီရန်အာဏာပိုင်တွေရဲ့ ပြောကြားချက်အရတော့ ခါမေနီရဲ့ ဈာပနအခမ်းအနားကို စစ်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် အချိန်ဆိုင်းခဲ့ရတာဖြစ်ပြီး အခု တီဟီရန်နဲ့ ဝါရှင်တန်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးတဲ့နောက်မှသာ ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာရဲ့ ထုံးတမ်းအစဉ်အလာအရ လူသေဆုံးပြီးရင် အစောဆုံးဖြစ်နိုင်သမျှ အမြန်ဆုံး သင်္ဂြိုဟ်လေ့ရှိတာကြောင့် အခုလို လနဲ့ချီပြီး ကြာမြင့်သွားတာဟာ ထူးထူးခြားခြား ကြန့်ကြာမှုမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေကတော့ ခါမေနီရဲ့ ရုပ်အလောင်းကို ဘာသာရေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့အညီ စနစ်တကျ ထိန်းသိမ်းထားခဲ့တာလို့ ပြောဆိုထားပါတယ်။ တစ်ဖက်မှာလည်း ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံထားတဲ့ သားဖြစ်သူ မာ့ဂျ်တာဘာ ခါမေနီအနေနဲ့ ဖခင်ဖြစ်သူရဲ့ ဈာပနအခမ်းအနားကို တက်ရောက်လာမလား ဆိုတာကတော့ အခုထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

နိုင်ငံတော်ဈာပန အခမ်းအနားကိုတော့ ဇူလိုင်လ ၃ ရက်ကနေ ၉ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး အီရန်နဲ့ အီရတ်နိုင်ငံတစ်လွှားက မြို့တော်တော်များများမှာ အလှည့်ကျကျင်းပမှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားတွေမှာ ဝမ်းနည်းပူဆွေးသူ ပြည်သူသန်းပေါင်းများစွာအပြင် နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့တွေလည်း တက်ရောက်ကြဖို့ ရှိနေပါတယ်။

ဈာပနအစီအစဉ်တွေကိုတော့ ခါမေနီရဲ့ ရုပ်အလောင်းကို တီဟီရန်မြို့က အီမာမ်ခိုမေနီ ဗလီဝတ်ပြု ကျောင်းတော်ကြီး  မှာ အများပြည်သူ ဂါရဝပြုနိုင်ဖို့ စတင်ထားရှိထားပါတယ်။ အဲဒီမှာ ခါမေနီနဲ့အတူ သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းတွေကိုလည်း အီရန်နိုင်ငံတော်အလံ လွှမ်းခြုံထားတဲ့ ခေါင်းတလားတွေနဲ့အတူ ပြသထားပါတယ်။

အဓိကကျတဲ့ တီဟီရန်မြို့တွင်း စီတန်းလှည့်လည်ပွဲကိုတော့ ဇူလိုင်လ ၆ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး၊ အဲဒီနောက်မှာတော့ ကွန်မ်  အထွတ်အမြတ်ထားရာမြို့မှာ အခမ်းအနားတွေ ဆက်လက်ကျင်းပမှာပါ။ အဲဒီကမှတစ်ဆင့် ရှီယာအစ္စလာမ်ဘာသာရဲ့ အထွတ်အမြတ်ဆုံး ဗလီဝတ်ကျောင်းတော်အချို့ရှိရာ အီရတ်နိုင်ငံက နာဂျက်ဖ် နဲ့ ကာဘာလာ မြို့တွေဆီ ရုပ်အလောင်းကို ပင့်ဆောင်သွားမှာဖြစ်ပြီး၊ နောက်ဆုံးမှာတော့ ခါမေနီရဲ့ မွေးရပ်မြေလည်းဖြစ်၊ ရှီယာဘာသာဝင်တွေရဲ့ အရေးကြီးဆုံး ဘုရားဖူးမြော်ရာနေရာလည်းဖြစ်တဲ့ မာရှတ်ဒ်  မြို့က အီမာမ်ရေဇာ ဗလီဝတ်ကျောင်းတော်မှာ သင်္ဂြိုဟ်ဖို့ အီရန်နိုင်ငံဆီ ပြန်လည်ပင့်ဆောင်လာမှာဖြစ်ပါတယ်။

ဒီဈာပနအခမ်းအနားကို ရှီယာအစ္စလာမ်ဘာသာမှာ အထွတ်အမြတ်ဆုံး ဝမ်းနည်းပူဆွေးမှုဆိုင်ရာလဖြစ်တဲ့ မူဟာရမ် လအတွင်း ကျင်းပနေတာလည်း ဖြစ်ပါတယ်။ ဒီလဟာ ရှီယာဘာသာတရားရဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အီမာမ်ဟူစိန် ရဲ့ အသက်စွန့်မတ်တုရုဖြစ်ခဲ့မှုကို အောက်မေ့သတိရရည်စူးတဲ့ လဖြစ်တာကြောင့် အခုလို တိုက်ဆိုင်နေတဲ့ အချိန်အခါက ဝမ်းနည်းပူဆွေးသူ ပြည်သူအများအပြားအတွက် ဒီဈာပနအခမ်းအနားတွေကို ဘာသာရေးအရ ပိုမိုလေးနက်စေပြီး အဓိပ္ပာယ်သက်ရောက်မှု ရှိစေပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment