Pages

Pages

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်မှုဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းကျန့်မြို့တွင် ဇွန် ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Shanghai Cooperation Organization Development Bank – SCOB) တည်ထောင်မှုဆိုင်ရာ ဒုတိယဝန်ကြီးအဆင့် စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့်အဖွဲ့ တက်ရောက်သည်။

အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Min Liao နှင့် ကာဂျစ္စတန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Nurbek Akzholov တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။

အစည်းအဝေးပထမနေ့တွင် ကြားဖြတ်အတွင်းရေးမှူးရုံးက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (မူကြမ်း) ရေးဆွဲရာ၌ အဓိကကျသည့် အချက်အလက်များဖြစ်သော ရင်းနှီးငွေထည့်ဝင်မှု၊ ရှယ်ယာခွဲဝေမှုနှင့် မဲပေးပိုင်ခွင့်တို့နှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်ချက်များကိုလည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းက Credit Rating Agency များ၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဘဏ်များကို အကဲဖြတ်ဆောင်ရွက်သည့် နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်ကြသူများက သိရှိလိုသည်များကို မေးမြန်းအကြံပြုဆွေးနွေးကြသည်။

အစည်းအဝေးဒုတိယနေ့တွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ဘဏ္ဍာရေးဆိုင်ရာဆန်းသစ်တီထွင်မှုများ၊ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မှု နည်းလမ်းများကိုလည်းကောင်း၊ ကြားဖြတ်အတွင်းရေးမှူးရုံးက ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်မှုပုံစံများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်တို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။


#MNP #News

No comments:

Post a Comment