ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 





ဘားအံ၊ ဇူလိုင် ၃

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ မြို့ရွာ၊ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း တိုက်ပွဲဖော်ဆောင် မှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ လမ်း၊တံတားအခြေခံအဆောက်အဦများ၊ ဘာသာရေးအဆောက် အဦများ၊ လူနေအိမ်ယာများနှင့်မြို့ရွာအဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရပြီး တပ်မတော်၏စွန့်လွှတ် စွန့်စားမှုများဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်အားကောင်းလာသည်နှင့်အမျှ ပြန်လည်ထူထောင်ရေးနှင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂ ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ကော့ကရိတ်မြို့၊ တံတားကျိုး စုပေါင်း စစ်ဆေးရေးစခန်း၌ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေး၊ တရားမဝင်ကုန်သွယ်မှုပပျောက်စေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်း ၁၄ ဖွဲ့၏ တာဝန်ထမ်းဆောင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်အကောက် အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးခင်မောင်လင်းက ပို့ကုန်/သွင်းကုန်ယာဉ်များ၊ ခရီးသွားယာဉ်များ ဖြတ်သန်းသွားလာမှု အခြေအနေ၊ သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ တရားမဝင်ကုန်ပစ္စည်း၊မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တရားမဝင်ငွေကြေး ကောက်ခံမှုမရှိစေရေး ဆွေးနွေးမှာကြားကာ စုပေါင်းစစ်ဆေးရေးစခန်းအတွင်း ပုံမှန်လုပ်ငန်းများဆောင်ရွက်မှု အခြေအနေ များကို လိုက်လံကြည့် ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ခန်းမ၌ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ ရဲမေများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ဆန်၊ ဆီ အစရှိသည့် စားသောက်ကုန် ပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပေါ်တွင်တည်ရှိသော မိုင်တိုင် ၁၃၃-၁၃၄ ကီလိုမီတာအတွင်းတည်ရှိသော အရှည် ၁၆၄ ပေရှိ ဝင်းကြီးတံတား၏ ကြံ့ခိုင်ရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာနညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက အဆိုပါတံတားနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

ထိုနောက် ကော့ကရိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း(ပထမအကြိမ်)ဖွင့်ပွဲ ကို ကော့ကရိတ်မြို့တောင်ပေါ်ကျောင်းဓမ္မာရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်ကြမည့်သင်တန်းသူ(၂၂)ဦးအတွက် သင်ထောက်ကူပစ္စည်းများချီးမြှင့်ပေးအပ်ကာ သင်တန်းသူများနှင့် ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြား၍ သင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အောင်မင်္ဂလာ လမ်းအား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အကျယ် ၁၄ ပေ၊ အရှည် ၁၃၀၀ ပေ ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လမ်းဘေးဝဲယာနှစ်ဖက်အား အုတ်စီရေမြောင်း၊ ပလက်ဖောင်း (၁၂၀၀ပေ)ပြုပြင်ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့အတွင်း ပြန်လည်နေထိုင်ကြသည့် အိမ်ထောင်စု များအား Malteser International မှ တာပေါ်လင်(မိုးကာစ)များလှူဒါန်းပေးအပ်သည့်အခမ်းအနားသို့တက်ရောက်ပြီး နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စု(၅၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် တာပေါ်လင်(မိုးကာစ)ကိုက်(၂၀)ကို ချီးမြှင့်ပေးအပ်ခဲ့ကြကာ သမဝါယမဂိုဒေါင်အတွင်း အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊အမိုးသွပ်)များ သိုလှောင်ထားရှိမှုအခြေ အနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ကရိတ်မြို့၊ မြို့မဈေးကြီးအတွင်း လူသုံးကုန်ပစ္စည်း များ၊ အဝတ်အထည်နှင့် အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့မဈေးကြီး သန့်ရှင်းသာယာလှပရေး၊ ဆိုင်ခန်းများစနစ်တကျရှိစေရေး၊ စွန့်ပစ်ပလက် စတစ်နှင့်အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိ သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေါနခန်းမ၌ တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အရေးကြီးလုပ်ဆောင်ရမည့်ကိစ္စရပ်များအား ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးများနှင့်အတွင်းရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်စပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး ကော့ကရိတ်မြို့အတွင်းတာဝန်ထမ်းဆေင်လျက်ရှိသော ခရိုင်၊မြို့နယ်ဝန်ထမ်းများအား ဆန်နှင့်ဆီများကို လည်းကောင်း၊ လုံခြုံရေးတာဝန်များကိုထမ်းဆောင်လျက်ရှိသော နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့ကရိတ်မြို့ အလေးမအားကစားရုံတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးအား ယာယီဖွင့်လှစ်၍ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးနေမှု၊ UID စိစစ်ရိုက်ကူးထုတ်ပေးမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည် များမေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့၊ မိုးလုံလေလုံအားကစားခန်းမနှင့် မြို့မ အားကစားပြိုင်ဝင်းတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက် ရောက်ကုသမှု ခံယူနေသူများ၏ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန် လာမှုအခြေအနေများကို မေးမြန်းအားပေးစကားများပြောကြား၍ အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ကြပြီး ဆေးရုံပရိဝုဏ်အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး၍ အဆိုပါဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီး နှင့် ကျန်းမာရေးဝန်ထမ်းများအား အထွေထွေအသုံး စရိတ်ငွေကျပ်(၅)သိန်းကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ် ကော့ကရိတ်မြို့နယ်ဘဏ်ခွဲတွင် ဝန်ထမ်းများ ဘဏ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ၏ သင်ကြား၊သင်ယူနေမှုအခြေအနေများ၊ စာသင်ခန်း၊စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရရှိမရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး၍ အဆိုပါကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများအတွက် အထွေထွေ အသုံးစရိတ် ငွေကျပ်(၅)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)