ရန်ကုန်၊ ဇူလိုင် ၈
"ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာပါ" ယွန် အန်ဒါဆင် (မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်)
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ်သစ် မစ္စတာ ယွန် အန်ဒါဆင်ကို တရားဝင်ခန့်အပ်သည့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းနှင့် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သတင်းစာ ရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နည်းပြချုပ်သစ်၏ ဘောလုံးသမိုင်းကြောင်းနှင့် နည်းပြဘဝ အတွေ့အကြုံများ၊ အောင်မြင်မှု မှတ်တမ်းများကို ဦးစွာမိတ်ဆက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က နည်းပြချုပ်သစ်အား ခန့်အပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှော်မှန်းထားသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် နည်းပြချုပ်သစ်တို့အကြား တရားဝင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို အထွေထွေ အတွင်းရေးမှူးနှင့် နည်းပြချုပ်သစ်တို့က ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာ ယွန် အန်ဒါဆင်က "မြန်မာနိုင်ငံကို ရောက်လာရတာ ဝမ်းသာပါတယ်။ နောက် ၂ နှစ်အတွက် မြန်မာ့လက်ရွေးစင် အသင်းကို နည်းပြဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ လုပ်ခဲ့ကြပါတယ်။ အခုတော့ နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ပြီး ၂ နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စာချုပ်သက်တမ်း အတွင်းမှာ အကောင်းဆုံး ကစားသမားတွေနဲ့ အသင့်တော်ဆုံး ကစားသမားတွေကို နေရာပေးသွားပါမယ်။ ပြီးတော့ မြန်မာကစားသမားတွေ တိုးတက်လာဖို့နဲ့ မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်နိုင်သမျှ အောင်မြင်ဖို့ ကြိုးစားစွမ်းဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် နည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင် အသင်းအသီးသီးမှ နည်းပြများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ယွန် အန်ဒါဆင်သည် ဥရောပနှင့် အာရှဘောလုံးလောကတို့တွင် ကစားသမားနှင့် နည်းပြအဖြစ် အတွေ့အကြုံကြွယ်ဝသော နိုင်ငံတကာအဆင့် ဘောလုံးနည်းပြတစ်ဦးဖြစ်သည်။ ၎င်းကို ၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နော်ဝေနိုင်ငံ၊ Fredrikstad မြို့၌ မွေးဖွားခဲ့ပြီး တိုက်စစ်မှူးအဖြစ် အောင်မြင်သော ကစားသမားဘဝကို တည်ဆောက်ခဲ့သည်။
ကစားသမားဘဝအတွင်း ကလပ်အသင်းများအတွက် ပွဲပေါင်း ၄၅၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၁၉ ဂိုး သွင်းယူနိုင်ခဲ့သည်။ ဂျာမန်ဘွန်ဒက်စ်လီဂါ၏ ထင်ရှားသည့် အသင်းများဖြစ်သော Eintracht Frankfurt, 1. FC Nürnberg, Hamburger SV နှင့် Fortuna Düsseldorf တို့တွင် ကစားခဲ့သလို နော်ဝေလက်ရွေးစင်အသင်းအတွက်လည်း ၂၇ ပွဲ ပါဝင်ကစားကာ ၅ ဂိုး သွင်းယူခဲ့သည်။
ယွန် အန်ဒါဆင်၏ ကစားသမားဘဝတွင် ထင်ရှားသော မှတ်တမ်းတစ်ခုမှာ ၁၉၈၉-၉၀ ဘွန်ဒက်စ်လီဂါရာသီတွင် Eintracht Frankfurt အသင်းအတွက် ၁၈ ဂိုး သွင်းယူကာ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်ပြီး၊ ယင်းသည် ဘွန်ဒက်စ်လီဂါသမိုင်းတွင် အဆိုပါဆုကို ရရှိခဲ့သည့် ပထမဆုံး နိုင်ငံခြားသားကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ကစားသမားဘဝမှ အနားယူပြီးနောက် ယွန် အန်ဒါဆင်သည် နည်းပြဘဝသို့ ကူးပြောင်းခဲ့ကာ ဂျာမန်ကလပ် FSV Mainz 05 ကို Bundesliga သို့ တန်းတက်အောင် ဦးဆောင်နိုင်ခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားလက်ရွေးစင်အသင်း၏ ပထမဆုံး နိုင်ငံခြားသားနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အသင်းကို ဦးဆောင်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဟောင်ကောင်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ရာတွင် AFC Asian Cup 2023 သို့ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့သည်။ ထို့အပြင် အာရှဂိမ်းပြိုင်ပွဲတွင် အီရန်ကိုနိုင်ပြီး သမိုင်းတစ်လျှောက် ပထမဆုံး ဆီမီးဖိုင်နယ် ပို့ဆောင်ခဲ့သလို၊ ၃၉ နှစ်အတွင်း တရုတ်အသင်းကို (၂-၁) ဖြင့် ပထမဆုံးအကြိမ် ပြန်လည်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
နည်းပြဘဝတစ်လျှောက် ပြိုင်ပွဲစုစုပေါင်း ၂၇၈ ပွဲ ကို ကိုင်တွယ်ခဲ့ပြီး နိုင်ပွဲ ၁၁၁ ပွဲ၊ သရေ ၆၃ ပွဲနှင့် ရှုံးပွဲ ၁၀၄ ပွဲ ရရှိထားကာ နိုင်ပွဲရာခိုင်နှုန်း ၃၉.၉၃ ရာခိုင်နှုန်း ကို ပိုင်ဆိုင်ထားသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ယွန် အန်ဒါဆင်ကို အာရှဘောလုံးလောကအပေါ် အကျွမ်းတဝင်ရှိမှု၊ နိုင်ငံတကာအတွေ့အကြုံနှင့် အသင်းတည်ဆောက်နိုင်စွမ်းရှိမှုတို့အပေါ် အသိအမှတ်ပြုကာ ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ့ဘောလုံး အဆင့်အတန်း မြှင့်တင်ရေးနှင့် နိုင်ငံတကာ အောင်မြင်မှုများ ရရှိစေရန် ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ထုတ်ပြန်ထားသည်။
#MNP #News








No comments:
Post a Comment