KPMF နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင် ၄၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

KPMF နှင့် KNLA အဖွဲ့တို့မှ အဖွဲ့ဝင် ၄၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်



နေပြည်တော်၊ ဇူလိုင် ၁၅

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Operation) Terrorism များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့်နယ်မြေများအား အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရကြိုဆို ထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာအားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာ နယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ ကရင်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ (KPMF) နှင့် KNLA ဖွဲ့တို့မှ အဖွဲ့ဝင် အမျိုးသား ၄၁ ဦး တို့သည် လက်နက် ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူးဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြပါသည်။ 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် အမ်(၁၆)သေနတ် ၁ လက်၊ အမ်(၄)သေနတ် ၂ လက်၊ အူဇီသေနတ် ၁ လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ် ၉လုံးထိုးကျည်သေနတ် ၂ လက်၊ Sigsauer ပစ္စတိုသေနတ် ၃ လက်၊ ၉ မမ ပစ္စတိုသေနတ် ၂ လက်၊ လက်လုပ်ပစ္စတိုသေနတ် ၁ လက်၊ အမ်ဂျီ (၁) လက်ပစ်ဗုံး ၁၀ လုံး၊ လမ်းလျှောက် စကားပြောစက် ၆ လုံး၊ ကျည်အိမ် ၁၁ ခုနှင့် ကျည်မျိုးစုံ ၁၈၈ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် ၄ လက်အတွက် ငွေကျပ် သိန်း ၂၀၀၊ လက်လုပ်သေနတ် ၃ လက်အတွက် ငွေကျပ် ၁၅ သိန်း၊ ပစ္စတိုသေနတ် ၅ လက်အတွက် ငွေကျပ်သိန်း ၁၀၀ ၊ လက်လုပ်ပစ္စတို သေနတ် ၁ လက်အတွက် ငွေကျပ် ၅ သိန်း၊ အမ်ဂျီ-၁ လက်ပစ်ဗုံး ၁၀ လုံးအတွက် ငွေကျပ်သိန်း ၃၀၊ လမ်းလျှောက်စကားပြောစက် ၆ လုံးအတွက် ငွေကျပ် ၁၂ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအတွက် ငွေကျပ် ၂၀ သိန်း ၅ သောင်း၊ စုစုပေါင်း ၃၈၂ သိန်း ၅ သောင်းကျပ်နှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက် လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးကြရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသ တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ၁၀ ဦး၊ လှိုင်းဘွဲမြို့နယ်မှ ၁ ဦး၊ ကမမောင်းမြို့နယ်မှ ၁ ဦး၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ ၃ ဦး၊ သထုံမြို့နယ် ၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မှ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁ ဦး၊ ဒဂုံအရှေ့ပိုင်း မြို့နယ်မှ ၃ ဦး၊ တောင်ဥက္ကလာပမြို့နယ်မှ ၁ ဦး၊ မြောက်ဥက္ကလာပမြို့နယ်မှ ၁ ဦး၊ ရန်ကင်းမြို့နယ်မှ ၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ၁ ဦး၊ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်မှ ၂ ဦး၊ မိတ္ထီလာမြို့နယ်မှ ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မှ ၁ ဦး၊ ပန်းတောင်း မြို့နယ်မှ ၁ ဦး စုစုပေါင်း ၄၁ဦး ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)