ဩဂုတ် - ၁၉ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် သတ်မှတ်ထားတဲ့ ၂ လတာ ကာလဟာ မည်သည့် ရလဒ်မှ မထွက်ဘဲ ကုန်ဆုံးသွားခဲ့ပြီးနောက်၊ အင်္ဂါနေ့မှာ အီရန်က ဒုံးပျံ (၂) စင်းနဲ့ သူတို့ဘက်ကို ပစ်ခတ်ခဲ့တယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စု ( ယူအေအီး ) က စွပ်စွဲလိုက်ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် အဘူဒါဘီ ( ယူအေအီး) က အီရန်နဲ့ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ် လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်ကို ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမျိုးသား အရေးပေါ် အကျပ်အတည်းနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NCEMA) တို့က သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒုံးကျည်တွေကို ပစ်ခတ်ချနိုင်ခဲ့ခြင်း ရှိ/မရှိ ကိုတော့ အာဏာပိုင်တွေဘက်က အတိအကျ ပြောဆိုခြင်း မရှိပါဘူး။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ဒုံးကျည်တစ်စင်းဟာ နိုင်ငံပိုင်နက် ရေပြင်အတွင်း ကျရောက်ခဲ့ပြီး ဒုတိယတစ်စင်းကတော့ ပိုင်နက်ရေပြင် အပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနက ထိုဒုံးကျည်အမျိုးအစားတွေဟာ "ရေကြောင်း သွားလာရေး လုပ်ငန်းစဉ်တွေ" ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပုံရတယ်လို့ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ ပစ်မှတ်ထား ခံရတယ်လို့ ယူဆရတဲ့ သင်္ဘောတွေဟာ နိုင်ငံတွင်း ရေပြင် သို့မဟုတ် နိုင်ငံတကာ ရေပြင်ထဲမှာ သွားလာနေခြင်း ဟုတ်/မဟုတ် ဆိုတာကိုတော့ ဝန်ကြီးဌာနက အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။
ယူအေအီး စစ်တပ်က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သုံးသပ်ချက် သတင်းထုတ်ပြန်ပြီး မကြာမီမှာပဲ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဖြစ်ရပ်ကြောင့် အီရန်နဲ့ ပြုလုပ်နေတဲ့ ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာ အရောင်းအဝယ် လုပ်ငန်းတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ လို့ ထပ်မံ ကြေညာခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ "ဒေသတွင်းနဲ့ နိုင်ငံတကာ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်စေသည့် ပဋိပက္ခများ မြင့်တက်လာမှုကြောင့် နောက်ထပ် အကြောင်းမကြားသမျှ ကာလပတ်လုံး အီရန်နှင့် ပြုလုပ်နေသည့် လုပ်ငန်းဆောင်တာများ၊ ကုန်သွယ်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ် အားလုံးကို ဆိုင်းငံ့လိုက်သည်" လို့ ဖော်ပြထားပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment