ပုဂံမြစေတီ ရာဇကုမာရ်ကျောက်စာရုံအတွင်း ငွေကြေးလှူဒါန်းခြင်းမပြုရန် အသိပေးထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံမြစေတီ ရာဇကုမာရ်ကျောက်စာရုံအတွင်း ငွေကြေးလှူဒါန်းခြင်းမပြုရန် အသိပေးထုတ်ပြန်


ပုဂံ၊ ဩဂုတ် ၂

ပုဂံမြို့ဟောင်း မြင်းကပါကျေးရွာတွင် တည်ရှိသည့် မြစေတီဘုရားရှိ ရာဇကုမာရ်ကျောက်စာထားရှိရာ ကျောက်စာရုံအတွင်းသို့ ဘုရားဖူးပြည်သူများအနေဖြင့် ငွေကြေးလှူဒါန်းမှုမပြုလုပ်ကြရန် အသိပေးထားပြီး တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

မြန်မာလူမျိုးတို့၏ သဒ္ဓါတရားနှင့် ယုံကြည်ကိုးကွယ်မှုအရ ပြည်တွင်း ဘုရားဖူး ခရီးသွားအများစုသည် မြစေတီဘုရားသို့ ရောက်ရှိချိန်တွင် ရာဇကုမာရ်ကျောက်စာထားရှိရာ ကျောက်စာရုံအတွင်းသို့ ငွေကြေးများ ပစ်သွင်းလှူဒါန်းလေ့ရှိကြသည်။အဆိုပါကျောက်စာတိုင်သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အထိမ်းအမှတ်ကျောက်စာဖြစ်သဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်း ထိခိုက်ပျက်စီးမှုမရှိစေရေး၊ သုတေသီများ၊ ပြည်တွင်း/ ပြည်ပခရီးသွားများနှင့် ကျောက်စာလေ့လာလိုသူများအတွက် အနှောင့်အယှက်မဖြစ်စေရေး၊ မြင်ကွင်းထိခိုက်မှုမရှိစေရေးတို့အတွက် ကျောက်စာတိုင်ကို ကာရံထားသည့် သံတိုင်အတွင်းသို့ ငွေလှူဒါန်း၍ မရနိုင်စေရန် သံဆန်ခါအစိတ်ဖြင့် ထပ်မံကာရံသွားမည်ဖြစ်သည်။

ဘုရားဖူးပြည်သူများအနေဖြင့် မြစေတီဘုရားတွင် အလှူငွေလှူဒါန်းလိုပါက ဂေါပကအဖွဲ့က သတ်မှတ်ထားရှိသည့် အလှူခံပုံးများနှင့် သတ်မှတ်နေရာများ၌သာ စနစ်တကျလှူဒါန်းကြရန်လည်း အသိပေးထားသည်။ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ လေးဘာသာဖြင့် ရေးထိုးထားသည့် ရာဇကုမာရ်ကျောက်စာသည် မြန်မာစာပေသမိုင်းတွင် အပြည့်စုံဆုံးနှင့် မြန်မာစာအရေးအသား အစောဆုံးကျောက်စာအဖြစ် ထင်ရှားပြီး ၂၀၁၅ ခုနှစ်တွင် ယူနက်စကို (UNESCO) ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း (Memory of the World Register) ဝင်အဖြစ် သတ်မှတ်ခံထားရသည့် ကျောက်စာတစ်ချပ်ဖြစ်သည်။


TWA

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)