နေပြည်တော်၊ ဩဂုတ် ၁၉
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကိုထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်လန်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့ပြင် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ရှေ့တန်းပြန်တပ်မတော်သားများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။
အလားတူ အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းများ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခတ်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြပြီး တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar


No comments:
Post a Comment