အောင်မြေသာစံ၊ ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို ဩဂုတ်လ ၁၂ ရက်၊ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ၊ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ် စုစုပေါင်း ၇၀ ဦး တက်ရောက်သည်။
အစီအစဉ်အရ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ၂၃ ခုကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် “မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းအကောင်အထည်ဖော်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ”နှင့် စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့် အတွက် “မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်း အကောင်အထည်ဖော်မှု စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ”ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို ၁၁ နာရီခွဲ အချိန်တွင် ရပ်နားပြီး အစည်းအဝေး(အဋ္ဌမနေ့)ကို ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရသည်။
မြင့်မော်ထွန်း
#Myanmar #News

No comments:
Post a Comment