အမေရိကန်ရေတပ်သားတွေ ပင်ပန်းလွန်းလို့ လေယာဉ်တင်သင်္ဘောပေါ်က ခုန်ချဖို့ကြိုးစား - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်ရေတပ်သားတွေ ပင်ပန်းလွန်းလို့ လေယာဉ်တင်သင်္ဘောပေါ်က ခုန်ချဖို့ကြိုးစား


ဩဂုတ် - ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

အီရန်နိုင်ငံအနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်က ရေတပ်သားအချို့ဟာ တာဝန်ထမ်းဆောင်ချိန်တွေ ရှည်ကြာလွန်းလို့ ပင်ပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျရာကနေ သင်္ဘောပေါ်ကနေ ရေထဲ ခုန်ချဖို့ ကြိုးစားခဲ့ကြတယ်လို့ သင်္ဘောသားတွေရဲ့ မိသားစုတွေကို ကိုးကားပြီး သတင်းဌာနတော်တော်များများက ဖော်ပြကြပါတယ်။

ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း သင်္ဘောရဲ့ တာဝန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ စတင်ခဲ့တာဖြစ်ပြီး မေလမှာ ပြီးဆုံးရမှာပါ။ ပုံမှန် ဆိပ်ကမ်းကပ်ပြီး ရိက္ခာဖြည့်တာ၊ ပြုပြင်ထိန်းသိမ်းတာနဲ့ နားနားနေနေ နေရတာမျိုး မရှိဘဲ တာဝန်သက်တမ်းကို အကန့်အသတ်မရှိ တိုးလိုက်တာကြောင့် သင်္ဘောပေါ်က နေထိုင်မှုအခြေအနေနဲ့ စိတ်ကျန်းမာရေးအတွက် မိသားစုတွေက စိုးရိမ်နေကြပါတယ်။

အန်နာဘဲလ် လိုမာ  က သူမရဲ့ ခင်ပွန်းဖြစ်သူဟာ လေယာဉ်တင်သင်္ဘောပေါ်ကနေ ခုန်ချဖို့ ကြိုးစားခဲ့တယ်လို့ သင်္ဘောရဲ့ တာဝန်ရှိသူ  က အကြောင်းကြားခဲ့ကြောင်း အင်္ဂါနေ့မှာ Military Timesသတင်းဌာန ကို ပြောပါတယ်။ "သူက ပင်ပန်းလွန်းလို့ စိတ်ကျပြီး လုပ်လိုက်တာကို အလုပ်ကနေ ဂုဏ်သိက္ခာမရှိ အထုတ်ခံရတော့မယ်လို့ ထင်နေတာ" လို့လည်း သူမက ပြောပြခဲ့ပါတယ်။

အခြား ရေတပ်သားတစ်ဦးရဲ့ ဇနီးဖြစ်သူ မာရီယာ ရော့ဒရီးဂက်စ် ကလည်း သူမရဲ့ ခင်ပွန်းဟာ သီးခြားဖြစ်စဉ် တစ်ခုမှာ ဝင်ရောက်တားဆီးခဲ့လို့ အခြား ရေတပ်သားတစ်ဦး သင်္ဘောပေါ်ကနေ ရေထဲပြုတ်ကျ/ခုန်ချတာကို ကာကွယ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

Stars and Stripes သတင်းစာရဲ့ ဖော်ပြချက်အရ လက်ရှိတာဝန်ထမ်းဆောင်နေသူ ရေတပ်သားတွေနဲ့ မိသားစုဝင်တွေဟာ သင်္ဘောပေါ်က စိတ်ဓာတ်ကျစရာ အခြေအနေတွေကို စိတ်ဓာတ်ကျ သတ်သေချင်တဲ့ စိတ်ကူးတွေ၊ ရေထဲ ခုန်ချဖို့ ကြိုးစားတာကို တားဆီးခဲ့ရတဲ့ အနည်းဆုံး ဖြစ်စဉ်တစ်ခုအပါအဝင် အသေးစိတ် ထုတ်ဖော်ပြောပြခဲ့ကြပါတယ်။

တာဝန်စတင်ချိန်မှာ စိတ်ဓာတ်တက်ကြွမှု အပြည့်ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ စိတ်ဓာတ်တွေ အတော်လေး ကျဆင်းသွားခဲ့တယ်လို့ ရေတပ်သားတစ်ဦးက အဆိုပါ သတင်းစာကို ပြောပါတယ်။ "တာဝန်ကျနေတဲ့ တောက်လျှောက်လုံး ပင်ပန်းစွာနဲ့ အလုပ်တွေကို ဆက်တိုက် ဖိလုပ်နေခဲ့ရတာ" လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က MS NOW ရဲ့ ဖော်ပြချက်အရ သင်္ဘောပေါ်မှာ အစားအသောက် မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး သင်္ဘောစတိုးဆိုင်မှာလည်း သွားတိုက်ဆေး၊ ဆပ်ပြာနဲ့ ဂျိုင်းတိုက်နံ့ပျောက်ဆေးလိုမျိုး အခြေခံသုံးပစ္စည်းတွေ ခဏခဏ ပြတ်လပ်နေတယ်လို့ မိသားစုဝင်တွေက ပြောကြောင်း သိရပါတယ်။

အမေရိကန် ရေတပ်ကတော့ "ရေတပ်သားတိုင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်မှုကို စောင့်ကြည့်စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့ အမြဲမပြတ် ဆန်းစစ်မှုတွေ ပြုလုပ်နေပါတယ်" လို့ တနင်္လာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ရေတပ်အတွင်းဝန် ခေတ္တ တာဝန်ယူထားသူ ဟန်းကောင်း က လင်ကွန်း သင်္ဘောကို လူစားလဲဖို့အတွက် ယူအက်စ်အက်စ်သီယိုဒို ရုစ်ဗတ်စ်  လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုက ပြင်ဆင်နေတယ်လို့ ပြောပေမဲ့ စစ်ရေးလုံခြုံရေး အကြောင်းပြချက်ကြောင့် ဘယ်တော့လဲဆိုတဲ့ အချိန်ဇယားကိုတော့ အတိအကျ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)