ကား(၆)စီး ခိုးယူထားသည့် တရားခံ ဖော်ထုတ်ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကား(၆)စီး ခိုးယူထားသည့် တရားခံ ဖော်ထုတ်ဖမ်းဆီးရမိ


နေပြည်တော်၊ ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှ မော်တော်ယာဉ်များအား ကားသော့အတုများ အသုံးပြု၍ ခိုးယူခဲ့သူ တရားခံအမျိုးသားတစ်ဦးကို သက်သေခံယာဉ် ခြောက်စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် (၃) ရပ်ကွက်နေ ဦးစိုးခိုင်ဦး (၅၆) နှစ်သည် ဩဂုတ် ၁၁ ရက် ညပိုင်းတွင် ၎င်းပိုင် YGN-44 7G-3513 TOYOTA TOYOACE LYZ 30 LIGHT TRUCK ယာဉ်အား အမှတ် (၃) ရပ်ကွက် အေးရိပ်မွန် (၂) လမ်းနှင့် ရတနာမွန် (၅) လမ်းထောင့်တွင် ညအိပ်ရပ်ထားခဲ့ရာမှ ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် ယာဉ်ကိုတွေ့ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် တိုင်တန်းချက်အရ ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ) ၁၁၅/ ၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉ (ကား) ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယာဉ်ခိုးယူသူ တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများကို စစ်ဆေးဆောင်ရွက်ခြင်း၊ နယ်မြေသတင်းရယူစုံစမ်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ ခိုးမှုကျူးလွန်သူ တရားခံ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အင်းတကော်ကျေးရွာနေ စိုးသန်း (ခ) ကိုကိုလေး (၅၃) နှစ်အား ဩဂုတ် ၁၈ ရက် ညပိုင်းတွင် လှိုင်မြို့နယ် (၂) ရပ်ကွက် ဘုရင့်နောင်လမ်းသွယ် (၂) လမ်းရှိ Royal Toe Hotel  အခန်းအမှတ် (၂၀၇) ၌ ဖမ်းဆီးရမိခဲ့သည်။

တရားခံ စိုးသန်း (ခ) ကိုကိုလေးအား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းသည် ဩဂုတ် ၉ ရက်၊ ၁၀ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အခြားယာဉ်ငါးစီးတို့အား ကားသော့အတုများ အသုံးပြု၍ ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရပြီး သက်သေခံယာဉ်များကို သိမ်းဆည်းရမိခဲ့သည်။

တရားခံ စိုးသန်း (ခ) ကိုကိုလေး၏ ထွက်ဆိုချက်အရ ၎င်းသည် ဩဂုတ် ၉ ရက်မှစတင်၍ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ကျန်စစ်သားလမ်းရှိ NICE DAY Hotel ၌ ရောက်ရှိတည်းခိုနေထိုင်ခဲ့ပြီး ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ ရပ်တန့်ထားသည့် ယာဉ်များကို လိုက်လံကြည့်ရှုခဲ့ကာ ကားသော့အတုများ အသုံးပြု၍ ယာဉ်များအား ခိုးယူခဲ့ပြီးနောက် ခိုးယူရာမှရရှိသည့် ယာဉ်မှ ဆီများထုတ်ယူရောင်းချခြင်း၊ ကားဘက်ထရီအိုးနှင့် ကားဘီးများဖြုတ်၍ ရောင်းချခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်တွင် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ ယာဉ်ခြောက်စီးကို ခိုးယူခဲ့သူ တရားခံ စိုးသန်း (ခ) ကိုကိုလေးအား သက်သေခံယာဉ်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)