တူရကီက နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ပေးဖို့ အင်တာပိုအား တောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တူရကီက နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ပေးဖို့ အင်တာပိုအား တောင်းဆို


ဩဂုတ် - ၂၂ ( စနေနေ့ ) 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု  ကို လူမျိုးတုံးသတ်ဖြတ်မှုပတ်သက်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ ( အင်တာပို ) ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ တူရကီနိုင်ငံက တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ အမေရိကန်ရဲ့ မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ တူရကီနဲ့ အစ္စရေးကြား တင်းမာမှုတွေ ပိုများလာနေတဲ့အချိန်မှာ ထွက်ပေါ်လာတာပါ။ အထူးသဖြင့် အစ္စရေးက ဆီးရီးယားနိုင်ငံထဲက လေတပ်စခန်း တစ်ခုကို မကြာသေးခင်က လေကြောင်းတိုက်ခိုက်ခဲ့တာကို တူရကီက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

တူရကီတရားရေးဝန်ကြီး အာကင်ဂါလက် က သောကြာနေ့မှာ အိတ်စ် လူမှုကွန်ရက်ပေါ်ကနေ ပြောကြားရာမှာ နေတန်ယာဟု ဟာ နိုင်ငံတကာ တရားခံ ၃၅ ယောက်ထဲမှာ ပါဝင်ပြီး အလိုရှိနေသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတရားစွဲဆိုမှုတွေဟာ ဂလိုဘယ်ဆူမက် သင်္ဘောအဖွဲ့  လို့ခေါ်တဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ သင်္ဘောအုပ်စုကို “တိုက်ခိုက်ခဲ့မှု” နဲ့ ပတ်သက်တာပါ။ အဲဒီသင်္ဘောအုပ်စုက ဂါဇာကမ်းမြောင်ဒေသ ကို အစ္စရေးက ချမှတ်ထားတဲ့ ရေကြောင်းပိတ်ဆို့မှုကို ဖောက်ထွက်ပြီး အကူအညီတွေ ပို့ဆောင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

တရားစွဲဆိုထားတဲ့ ပြစ်မှုတွေထဲမှာတော့ — လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ လွတ်လပ်ခွင့်ကို တရားမဝင် ပိတ်ပင်ချုပ်နှောင်မှု၊ သယ်ယူပို့ဆောင်ရေးယာဉ်ကို အတင်းအဓမ္မ သိမ်းပိုက်မှု နဲ့  ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှု စတဲ့ စွဲချက်တွေ ပါဝင်ပါတယ်။ တူရကီတရားရေးဝန်ကြီး ကတော့ “ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်ရေး မူဝါဒကို ကျင့်သုံးနေတဲ့ နေတန်ယာဟုအစိုးရဟာ ဘယ်သူမှ ထိလို့ မရနိုင်တဲ့သူတွေဖြစ်ပြီး သူလုပ်သမျှ အရာအားလုံးကို တာဝန်ခံစရာမလိုဘူးဆိုတဲ့ အယူအဆကို ကျနော်တို့ လုံးဝ လက်မခံပါဘူး” လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။

အင်တာပို ဖမ်းဝရမ်း ထွက်လာရင်လည်း သူ့ကို နိုင်ငံတိုင်းက ဖမ်းဆီးပေးရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။  သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအရ ဖမ်းဆီးမလား၊ မဖမ်းဆီးဘူးလားဆိုတာကို နိုင်ငံတစ်နိုင်ငံချင်းစီက ဆုံးဖြတ်ရတာပါ။

အစ္စရေးရေတပ်ဟာ ဂါဇာဘက်ကို ဦးတည်ပြီး နိုင်ငံတကာရေပိုင်နက်ထဲကနေ သွားလာနေတဲ့ သင်္ဘောအုပ်စုတွေကို အကြိမ်ကြိမ် ဝင်ရောက်တားဆီးပြီး သင်္ဘောပေါ်က လူတွေကို ဖမ်းဆီးခဲ့ဖူးပါတယ်။ နောက်ဆုံးဖြစ်ရပ်ကတော့ မေလတုန်းက ဖြစ်ခဲ့ပြီး သင်္ဘော ၅၀ လောက်ပေါ်မှာ လိုက်ပါလာတဲ့ တက်ကြွလှုပ်ရှားသူ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလူတွေကို နောက်ပိုင်းမှာ ဂရိနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးအာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုအတွင်း မတရားပြုမူဆက်ဆံခံခဲ့ရတယ်လို့ လှုပ်ရှားသူတွေက စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒွန် ဆာအာ ကတော့ အဲဒီအချိန်တုန်းက “ရန်စတဲ့ သင်္ဘောအုပ်စု” လို့ သူတို့ဘက်က ခေါ်ဆိုထားတဲ့ အဲဒီအဖွဲ့မှာ ပါဝင်သူအားလုံး ဘေးကင်းလုံခြုံခဲ့တယ်လို့ ပြောထားပါတယ်။

တူရကီသမ္မတ အာဒိုဂန် ကတော့ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကို အဒေါ့ဖ် ဟစ်တလာနဲ့ ထပ်ခါတလဲလဲ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နေတန်ယာဟု ဟာ ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

နေတန်ယာဟု ဘက်ကလည်း အာဒိုဂန် ကို “ဂျူးဆန့်ကျင်ရေး အာဏာရှင်” လို့ ပြန်လည်ခေါ်ဝေါ်ပြီး တူရကီအစိုးရဟာ ကာ့ဒ်လူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)