တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ





နေပြည်တော်၊ ဩဂုတ် ၂၆

ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် ပပျောက်စေရေးအတွက် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိရာ အထူးသဖြင့် နယ်စပ်ဒေသများတွင်အခြေပြုပြီး လုပ်ကိုင်နေမှုများကို ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် တိုက်ဖျက်နေသကဲ့သို့ ပြည်တွင်း၌ ကျူးလွန်နေသူများကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အရှိန်အဟုန်ဖြင့် တက်ကြွစွာ ဆောင်ရွက် လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ ၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှု ပြုလုပ်သူများသည် ယာယီလူနေတဲများ ဆောက်လုပ်၍ အခြေပြုခိုအောင်း လုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများက သတင်းကွင်းဆက် ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်း တွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ ၂၆၀၀၀ ခန့်အကွာ၊ မန်ဖိုင်ကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၃ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ၊ အနံ ၂၀ ထရံကာသွပ်မိုး အဆောက်အအုံ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၅ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေ ယာယီရွက်ဖျင်တဲ ၁ လုံး၊ ဖုန်းမျိုးစုံ ၂၅ လုံး၊ All In One ကွန်ပျူတာ ၅ လုံး၊ Power Station ၂ လုံး၊ Star Link ၁ လုံး၊ စကားပြောစက် ၁၀ လုံး၊ အခြား လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူများအား အွန်လိုင်းလိမ်လည်လောင်းကစားမှု စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်း သုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင် ဆောက်လုပ် ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျ ဖြိုချဖျက်ဆီးသွားမည်ဖြစ် ကြောင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်း မရှိစေရေးနှင့် အပြီးတိုင် ပပျောက်စေရေးတို့အတွက် အမြစ်ပြတ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန် မပြတ် အထူး အလေးထား၍ တက်ကြွစွာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)