ဘားအံ၊ ဩဂုတ် ၁၄
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ သဘောထားရယူ၍ အစည်းအဝေးစတုတ္ထနေ့အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူမှတ်တမ်းတင်သည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၇)ဦးက ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့ရွာသန့်ရှင်း သာယာလှပရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည့် ပြည်သူ့အကျိုးပြုကြယ်ပွင့်ပြမေးခွန်း(၇)ခုကို မေးမြန်းရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် တတိယအကြိမ်ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ကတင်သွင်းခဲ့သော ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူလုံခြုံရေးပိုမိုကောင်းမွန်စေရန် ပြည်နယ်အတွင်းရှိမြို့များအလိုက် အဓိကလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့်နေရာ များနှင့် အရေးပါသောနေရာများတွင် CCTV ကင်မရာများ တပ်ဆင် အသုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်စီမံဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းများ၊ စေတနာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့က ထောက်ခံဆွေးနွေးခဲ့သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)က အဆိုနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်တွင် အတည်ပြုပေးနိုင်ပါရန်တင်ပြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကလွှတ်တော်၏ အဆုံးအဖြတ်ကိုရယူ၍ အတည်ပြုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့က ယင်းအဆိုကို ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ကြေညာသည်။
ယင်းနောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်းဆိုင်ရာ လျာထားချက်စာရင်းများနှင့်စပ်လျဉ်း၍ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ဖတ်ကြားတင်သွင်းပြီး အဆိုပါလျာထားချက်စာရင်းများနှင့်စပ်လျဉ်း၍ ပြည်နယ်ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ၏ သုံးသပ်ချက်အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းထိုက်က ဖတ်ကြားတင်ပြကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဩဂုတ် ၁၇ ရက် အစည်းအဝေးပဥ္စမနေ့တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာကာ အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
#Myanmar #News




No comments:
Post a Comment