အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေး ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတ မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေး ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတ မှာကြား





နေပြည်တော်၊ သြဂုတ် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အမှာစကား ပြောကြားရာတွင် အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

နိုင်ငံတော်သမ္မတ က အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၅ သောင်းခန့်ရှိပြီး စံကိုက်သည့်ကျောင်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ အခြေခံပညာကျောင်းများကို စံကိုက်ညီမှုသတ်မှတ်ချက်ကိုခွဲခြား ဆောင်ရွက်ရာတွင် အခြေခံပညာမူလတန်းကျောင်းအနေဖြင့် သတ်မှတ်ဧရိယာမှာ ၃ ဧကမှ ၅ ဧက၊ အခြေခံပညာအလယ်တန်းကျောင်း အနေဖြင့် ၅ ဧကမှ ၇ ဧက၊ အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ၇ ဧကမှ ၁၀ ဧက ရှိရန်သတ်မှတ်ထားကြောင်း၊ စံကိုက်ကျောင်းများအဖြစ် ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ တန်းစီသည့်နေရာများ၊ အားကစားပြုလုပ်ရန်နေရာများနှင့် ကစားကွင်းများရှိရန်လိုသကဲ့သို့ အဆောက်အဦများကိုလည်း စနစ်တကျဆောက်လုပ်ရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တာဝန်ရှိသူများအနေဖြင့် အခြေခံပညာကျောင်းများ၏ မြေပြင်အခြေအနေများကို စနစ်တကျစာရင်းကောက်ယူပြီး သတ်မှတ်ထားသည့် မြေဧရိယာအကျယ်အဝန်းအခြေအနေပေးသည့် ကျောင်းများအား မိမိတို့အစိုးရတာဝန်ယူချိန်အတွင်း စံကိုက်ကျောင်းများအဖြစ် ဦးစားပေးအဆင့်အလိုက်  အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ရာတွင်လည်း စနစ်တကျဆောက်လုပ်ရန်နှင့်ရေရှည်အတွက် ထည့်သွင်းစဉ်းစားလျာထား၍ စီမံချက်များစနစ်တကျရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများလုံခြုံမှုရှိစေရေး၊ စနစ်တကျရှိစေရေး၊ သန့်ရှင်းသာယာမှုရှိစေရေး၊ စာသင်ကျောင်းများအနီးပတ်ဝန်းကျင်ကောင်းများဖြစ်စေရေး အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်စနစ်တကျ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် နိုင်ငံတော်၏ပညာရေးကဏ္ဍမှာ စနစ်တကျဖြင့်ဘက်စုံတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencingဖြင့် တက်ရောက်ကြသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)