မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ်ချုပ်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များအား ပြည်တွင်း၌သာ သုံးစွဲနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရောင်းချခြင်း သဘောတူစာချုပ်ချုပ်ဆို


နေပြည်တော်၊ သြဂုတ် ၁

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP INTERNATIONAL LIMITED တို့ အကြား မုတ္တမကမ်းလွန်လုပ်ကွက် M-3 ရှိ အောင်သိင်္ခဧရိယာမှ ထွက် ရှိသော သဘာဝဓာတ်ငွေ့များအား ထုတ်ယူ၍ ပြည်တွင်း၌သာအသုံးပြုနိုင်ရန်အတွက် သဘာဝ ဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် (Domestic Gas Supply Agreement - DGSA) လက်မှတ် ရေးထိုးပွဲကို ယမန်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၆) ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူသည့်နေ့တွင် ကုန်းတွင်းစီမံကိန်းတစ်ခုအတွက် ရေနံတိုးတက်ထုတ်ယူရရှိရေး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ရက် (၁၀၀) ပြည့်မြောက်သည့်အချိန်တွင် သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း တို့သည် အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် မှတ်တိုင်သစ်များ စိုက်ထူ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။

မုတ္တမကမ်းလွန် လုပ်ကွက် (M-3) (အောင်သိင်္ခစီမံကိန်း)ကို ၂၀၀၄ ခုနှစ်တွင် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် ချုပ်ဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ၂၀၂၃ ခုနှစ်မှသာ ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ခဲ့ရာ ယနေ့အချိန်တွင် လက်မှတ်ရေးထိုးနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါကြောင်း၊ စီမံကိန်းမှထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် အဓိကအသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ လေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဓာတ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံများအတွက် လိုအပ်မည့် သဘာဝဓာတ်ငွေ့ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၈ ခုနှစ်အကုန်တွင် သဘာဝဓာတ်ငွေ့စတင်ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ကမ်းလွန်လုပ်ကွက်များတွင် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ် ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ်ရန် ဖိတ်ခေါ်တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် PTTEP မှ ဒုတိယ အမှုဆောင်အရာရှိချုပ်က ကျေးဇူး တင်စကားပြောကြားပြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် PTTEP အထွေထွေမန်နေဂျာနှင့် ဒုတိယအမှုဆောင် အရာရှိချုပ်တို့က သဘာဝဓာတ်ငွေ့ရောင်းချခြင်းသဘောတူစာချုပ် (Domestic Gas Supply Agreement-DGSA) ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)