စက်တင်ဘာ - ၁၂ ( စနေနေ့ )
ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ ၎င်းတို့ရဲ့ အဓိကမဟာဗျူဟာမြောက် အရှေ့-အနောက် ရေနံပိုက်လိုင်းကို ပိတ်လိုက်ရပါတယ်။ အမေရိကန်နဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ရေနံစိမ်း တင်ပို့နိုင်စွမ်းကို နောက်ထပ် ရိုက်ခတ်မှုတစ်ခု ဖြစ်စေခဲ့တာကတော့ ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက်ရှိ ရေနံတွန်းအားပေး စက်ရုံတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ပျက်စီးသွားခဲ့လို့ပဲ ဖြစ်ပါတယ်။
ကြာသပတေးနေ့က ရိယဒ် နဲ့ မဒီနား ဒေသတွေမှာရှိတဲ့ ပိုက်လိုင်းနေရာ အတော်များများကို ဒရုန်းနဲ့ တိုက်ခိုက် ခံခဲ့ရလို့ "လူအချို့ ဒဏ်ရာရရှိခဲ့တယ်" ဟု ဆော်ဒီစွမ်းအင်ဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြားခဲ့ပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ လည်ပတ်မှုတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေက ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးနေကြပြီး၊ ပိုက်လိုင်းကနေ ရေနံပြန်လည် ပို့လွှတ်နိုင်မယ့် အချိန်ကိုတော့ ရိယဒ်ဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ပဏာမဆန်းစစ်ချက်များအရ အနည်းဆုံး ရေနံတွန်းစက်ရုံ နှစ်ခု ဒရုန်းနဲ့ ထိမှန်ခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဂြိုဟ်တုဓာတ်ပုံများအရလည်း စက်ရုံတစ်ရုံမှာ မီးလောင်ကျွမ်းမှု အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နောက်တစ်ရုံမှာတော့ မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။
ဒီ အရှေ့-အနောက် ရေနံပိုက်လိုင်းဟာ ဆော်ဒီအာရေးဘီးယားရဲ့ ရေနံထွက်ရှိရာ အရှေ့ပိုင်းဒေသကနေ နိုင်ငံကို ဖြတ်သန်းပြီး ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်တဲ့ ရန်ဘူ (Yanbu) အထိ ရေနံစိမ်းတွေကို သယ်ယူပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေနံတင်ပို့မှုတွေကို ဟော်မုဇ် ရေလက်ကြားကို ရှောင်ကွင်းပြီး ပို့ဆောင်နိုင်စေပါတယ်။ ဒီပိုက်လိုင်းဟာ တစ်ရက်ကို ရေနံစည်ပေါင်း ၇ သန်းအထိ သယ်ယူပို့ဆောင်နိုင်ပြီး၊ အနောက်ပိုင်းက ရေနံချက်စက်ရုံတွေကို ဖြန့်ဖြူးပေးပြီးတဲ့နောက် တစ်ရက်ကို ရေနံစည် ၅ သန်းခန့်ကို ပြည်ပသို့ တင်ပို့နိုင်စွမ်း ရှိပါတယ်။
ဝါရှင်တန်နဲ့ တီဟီရန်ကြား တိုက်ပွဲတွေကြောင့် ဟော်မုဇ် ရေလက်ကြားကနေ ရေကြောင်းသယ်ယူပို့ဆောင်ရေး သိသိသာသာ အနှောင့်အယှက်ဖြစ်ခဲ့ပြီးနောက်ပိုင်း ဒီလမ်းကြောင်းဟာ ပိုပြီး အရေးပါလာခဲ့ပါတယ်။ ပာာရှန်းပင်လယ်ကွေ့ ဆိပ်ကမ်းတွေမှာ တင်ပို့ရမယ့် ရေနံတွေကို ဆော်ဒီအာရေးဘီးယားက ဒီပိုက်လိုင်းကနေတစ်ဆင့် ပင်လယ်နီဘက်သို့ ပြောင်းလဲပြီး တစ်ရက်ကို ရေနံစည် ၅ သန်းနီးပါးအထိ လမ်းကြောင်းလွှဲ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ယီမင်နိုင်ငံရှိ အီရန်ဘက်တော်သား ဟူသီတပ်ဖွဲ့တွေဟာ ဆော်ဒီ အထောက်အပံ့ယူထားတဲ့ အစိုးရတပ်တွေကို နောက်ဆုတ်သွားအောင် ထိုးစစ်ဆင်ခဲ့ပြီး ပင်လယ်နီ ဆိပ်ကမ်းမြို့ဖြစ်တဲ့ မိုခါ နဲ့ နောက်ထပ် အဓိက မဟာဗျူဟာမြောက် ရေကြောင်းလမ်းဖြစ်တဲ့ ဘာဘယ်မန်ဒက် ရေလက်ကြား အဝင်ဝမှာရှိတဲ့ မာယွန်ကျွန်း တို့ကို သိမ်းပိုက်လိုက်ချိန်မှာပဲ ဒီပိုက်လိုင်း ရပ်ဆိုင်းမှု ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
REF: RT
#Myanmar #News

No comments:
Post a Comment