ဂန့်ဂေါ၊ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများ၊ ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ်ဆောက်လုပ်မည့်မြေနေရာကို မင်္ဂလာအချိန်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ ဂန့်ဂေါတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တင်ဇော်ဝင်း၊ ခ.လ.ရ(၅၀)တပ်ရင်းမှူး ဗိုလ်မှူးဖြိုးသူ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီဝင်းတို့က မင်္ဂလာ ပန္နက်များရိုက်နှိပ်၍ အမွှေးနံသာရည်များ ပက်ဖြန်းပေးကြသည်။
ဆက်လက်၍ ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း ပန္နက်တင်မင်္ဂလာ အခမ်းအနား ကို ဆက်လက်ကျင်းပရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကျောင်းသားမိဘများနှင့် ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းဆောင်သစ်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးက ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ်ဆောက်လုပ်မည့် အခြေအနေများနှင့် အလှူငွေရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် မတည်လှူဒါန်းသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ အလှူငွေ(၁)သိန်းကျပ်၊ ခ.လ.ရ(၅၀)တပ်ရင်းမှူး ဗိုလ်မှူးဖြိုးသူမှ အလှူငွေ(၃) သိန်းကျပ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးမှ အလှူငွေ(၅)သောင်းကျပ်နှင့် ဗိုလ်ကြီး သက်ပိုင်စိုးမှ လှူဒါန်းသည့် အလှူငွေ(၂)သိန်းကျပ်တို့အား အလှူရှင်များ၏ကိုယ်စား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်မှပေးအပ်ရာ ကျောင်းဆောင်သစ် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့သည်။
အဆိုပါ ကိုယ်ထူကိုယ်ထကျောင်းဆောင်သစ်ကို အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေနှင့် အမြင့်(၁၂)ပေရှိ စာသင်ခန်း(၄)ခန်းပါရှိကာ စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် အုတ်ညှပ်၊ သွပ်မိုး၊ တစ်ထပ်ကျောင်းဆောင်အဖြစ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မျိုးမင်း
#News #Myanmar





No comments:
Post a Comment