ပခုက္ကူ၊ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တပညာဇောတ(အဘိဓဇမဟာရဋ္ဌဂုရု) သက်တော် ၈၁နှစ်၊ သိက္ခာတော် ၆၁ ဝါ ရှိ မဟာထေရ်မြတ်ကြီး၏အန္တိမအဂ္ဂိ ဈာပန အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာ စံတော်ကျောင်းဆင်း အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ အချိန် က ရွှေဘုံသာငွေဘုံသာတောင်၌ ကျင်းပပြုလုပ်သည်။
ပထမဦးစွာ “သဗ္ဗေ သင်္ခါရ အနိစ္စာ” အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနမှ ပေးပို့လှူဒါန်းဆက်ကပ်သော “စိန်ကတ္တီပါ”ကို ဌာနဆိုင်ရာများနှင့် ပခုက္ကူမြို့ခရိုင်သာသနားရေးမှူး ဦးကျင်ရွှေက လွှမ်းခြုံပူဇော်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂဉာဏ်ပွားတော်မူကြောင်း မှတ်တမ်းတင်သဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော် မဟာဝိသုတာရာမ အလယ် တိုက် တိုက်အုပ်နာယက အဂမဟာပဏ္ဍိတ ဆရာတော်က ဖတ်ကြားခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်လွင်က ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာကိုပခုက္ကူမြို့ခရိုင် သာသနာ ရေးမှူး ဦးကျင်ရွှေက ဖတ်ကြားပူဇော်ခဲ့သည်။
ဆက်လက်၍ ပခုက္ကူမြို့ ဓမ္မကလျာဏ ဝတ်အသင်းက ထေရုပ္ပတ္တိ ရှစ်လုံးထပ်ကဗျာများ ရွတ်ဖတ်ပူဇော်ခြင်း၊ နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် နီနီအောင်က တေးထပ်/ရတုများဖြင့် ရွတ်ဖတ်ပူဇော်ခြင်း၊ ပစ္ဆိမဝန္ဒနာ နောက်ဆုံးကန်တော့တောင်းပန်လွှာကို ဘဒ္ဒန္တပညိန္ဒ မဟာဂန္ထဝါစက ပဏ္ဍိတ က ဖတ်ကြားပူဇော်ခြင်း၊ စံကျောင်းတော်ဆင်း ပင့်လျှောက်လွှာဂါထာကို ဘဒ္ဒန္တပညာဝံသ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ကဖတ်ကြားပူဇော်ခြင်းများဖြင့် ပူဇော်ခဲ့ကြပြီး ဆရာတော်၏ ရုပ်ကလာပ်တော်ကို “ အနိစ္စာ ဝတသင်္ခါရာ” အစရှိသော ဂါထာကို ရွတ်ဆို၍ တပည့် သံဃာတော်များက ထီးဖြူရုံမဏ္ဍပ်သို့ ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။
မယ်ခွေ
#News #Myanmar





No comments:
Post a Comment