မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်



နေပြည်တော်၊ စက်တင်ဘာ ၂

မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က  ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ နိုင်ငံတော်အစိုးရအနေဖြင့် မလေးရှားနိုင်ငံ၌ တရားမဝင် နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် ပြစ်ဒဏ်များကျခံခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရကာ မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁,၀၈၆) ဦးကို လူသားချင်းစာနာထောက်ထားမှုအရ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းကာ မြန်မာ့တပ်မတော် ရေယာဉ်များဖြင့် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ကြောင်း။

ယခုအခါ အလားတူပင် မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များ ကျခံ ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီးသူ (၁,၄၇၆) ဦးအား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်နိုင်ရန် မြန်မာအစိုးရအနေဖြင့် မလေးရှားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း။

သို့ရာတွင် မလေးရှားနိုင်ငံဘက်မှ အထက်ပါနေ့ရက်များတွင် လာရောက်ခေါ်ဆောင်ရန် အဆင်ပြေမှု မရှိပါကြောင်းနှင့် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ပြန်လည်စီစဉ်ရန် အဆိုပြုလာပါသဖြင့် မြန်မာအစိုးရသည် မလေးရှားနိုင်ငံဘက်မှ အဆိုပြုသည့်နေ့ရက်များတွင် ခရီးစဉ်အား ပြန်လည်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော်အစိုးရသည် ပြည်ပရောက် မိမိနိုင်ငံသားများ၏ အရေးကိစ္စများကို အထူး အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲများနှင့် ဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရေးတို့အတွက် သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ် ရုံးများမှတစ်ဆင့် လိုအပ်သော ကောင်စစ်ရေးရာ ကူညီစောင့်ရှောက်မှုများကို အစဉ်တစိုက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)