စက်တင်ဘာ - ၄ ( သောကြာနေ့ )
ရုရှားနိုင်ငံအနေဖြင့် ဥရောပနိုင်ငံတွေရဲ့အလိုနောက်သို့ လိုက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် ဘယ်တော့မှ တောင်းပန်စကား ဆိုမှာ မဟုတ်ကြောင်း အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကျင်းပစဉ်အတွင်း ပြုလုပ်ခဲ့သည့် အဖွဲ့အစည်း၏ ဟောပြောပွဲတစ်ခုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် က ပြောကြားခဲ့ပါတယ်။
ရုရှားနိုင်ငံက ဥရောပကနေ သီးခြားခွဲထွက်ရန် သို့မဟုတ် တံတိုင်းခတ်ပိတ်ပင်ရန် မည်သည့်အခါကမျှ မလုပ်ဆောင်ခဲ့ဖူးသလို တကယ်လို့ အဲ့လိုမျိုးဖြစ်သွားပြီဆိုရင် ဥရောပသမဂ္ဂ (EU) ရဲ့ ရွေးချယ်မှုကြောင့်သာ ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
"လွန်ခဲ့တဲ့နှစ်တွေက ကျနော်တို့နဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ရုရှားအတွက် အလွန်အရေးပါတယ်၊ ဒါကြောင့် သူတို့နောက်ကို ပြေးလိုက်ပြီး 'ကဲပါ၊ ကျနော်တို့ကို ခွင့်လွှတ်ပါ၊ ဖြစ်ခဲ့တာတွေကို မေ့လိုက်ပြီး မူလအတိုင်း ပြန်သွားရအောင်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးပါ' လို့ လာပြီး တောင်းပန်လိမ့်မယ်လို့ [ဥရောပက] ထင်မှတ်ထားကြတာပါ။ ဒါပေမဲ့ ဒါမျိုးက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု လာဗရော့ဗ်က ပြောကြားခဲ့ပါတယ်။
"ကျနော်တို့မှာ အကောင်းဆုံးသော အမျိုးသားဂုဏ်သိက္ခာ ဆိုတာ ရှိပါတယ်။ ကျနော်တို့အနေနဲ့ မည်သူတစ်ဦး တစ်ယောက်ရဲ့ စေတနာကိုမှ တောင်းခံနေဖို့ လုံးဝ မလိုအပ်ပါဘူး" ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုပါတယ်။ ထို့ပြင် ရုရှားနိုင်ငံတွင် ရိုးသားဖြောင့်မတ်စွာ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည့် မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်သူ အမြောက်အမြား ရှိကြောင်း ရုရှား ထိပ်တန်းသံတမန်က ဆိုပါတယ်။
"ဥရောပဟာ သဘောရိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်မဖြစ်သေးပါဘူး။ သူတို့အနေနဲ့ ရိုးရိုးသားသား မလုပ်ဆောင်နိုင်တာပါ" ဟု ၎င်းက ပြောခဲ့ပါတယ်။
အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကို စက်တင်ဘာ ၁ ရက်မှ ၄ ရက်နေ့အထိ ဗလာဒီဗော့စတော့ မြို့ရှိ အရှေ့ဖျား ဖက်ဒရယ် တက္ကသိုလ် ဝင်းအတွင်း ကျင်းပနေခြင်းဖြစ်ပြီး ယခုနှစ်၏ ပင်မအကြောင်းအရာမှာ "အရှေ့ဖျားဒေသ - ပြည်သူများ၏ အကျိုးစီးပွားအတွက် ဖွံ့ဖြိုးတိုးတက်ရေး" ဖြစ်ပါတယ်။ အဆိုပါပွဲကို ရုရှားအစိုးရ၏ ပံ့ပိုးမှုဖြင့် ရော့စ်ကွန်ဂရက် ဖောဒေးရှင်းက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး TASS သတင်းဌာနက အဓိက သတင်းပြန်ကြားရေး မိတ်ဖက်အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
REF: Tass
#News #Myanmar

No comments:
Post a Comment