နေပြည်တော်၊ စက်တင်ဘာ ၃၀
အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ MGallery Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
အဆိုပါဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် ဦးဆောင်လျက် ဝန်ကြီးဌာန (၁၉) ခုမှ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် မစ္စတာ ကျောက်ကျွင့်မင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်း ပြောကြားရာ၌ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား ဆက်ဆံရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး၏ ရှေ့တန်းအခြေခံအုတ်မြစ် (Frontline Foundation of broader China-Myanmar “Pauk-Phaw” Friendship) ဖြစ်ကြောင်း၊ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၀၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုစုစုပေါင်း၏ ထက်ဝက်ကျော်ကို လွှမ်းမိုးထားကာ နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိကြောင်း၊ ယခုကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှတစ်ဆင့် အပြန်အလှန် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ရေးနှင့် ယူနန်ဖိုရမ်ယန္တရားအောက်မှ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားရေး တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့လိုက်ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။ မြန်မာဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်က အဖွဲ့ (၁) ကိုလည်းကောင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်က အဖွဲ့ (၂) ကိုလည်းကောင်း ဦးဆောင်သူများအဖြစ် ဆွေးနွေးခဲ့ကြပြီး၊ တရုတ်ဘက်မှ ယူနန်ပြည်နယ် ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်ပါတီကော်မတီ ပြန်ကြားရေးဌာနမှ ကိုယ်စားလှယ်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအဖွဲ့လိုက်ဆွေးနွေးမှုများ၌ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အပြန်အလှန်ချိတ်ဆက်မှုများ မြှင့်တင်ရေး၊ ယူနန်ပြည်နယ်နှင့် လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရေး၊ စက်မှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးနှင့် ချစ်ကြည်ရေး ညီအစ်မမြို့များအကြား အနှစ်သာရပြည့်ဝသည့် အပြန်အလှန်လည်ပတ်မှုနှင့် ဖလှယ်ရေး အစီအစဉ်များကို တိုးမြှင့်ဖော်ဆောင်ရေး ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။
အဖွဲ့လိုက်ဆွေးနွေးမှုများအပြီးတွင် မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ အဖွဲ့ခေါင်းဆောင် (၂) ဦးက ဆွေးနွေးပွဲရလဒ်များကို အကျဉ်းချုပ် တင်ပြခဲ့ကြသည်။ ထို့နောက် မြန်မာဘက်မှ ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တရုတ်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်တို့သည် ဖိုရမ်ဆိုင်ရာအစည်းအဝေးမှတ်တမ်း (Agreed Minutes) ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က တရုတ် (ယူနန်) ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာ ကျောက်ကျွင့်မင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မြန်မာ-တရုတ် (ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့တွင် အလှည့်ကျ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့အကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့် ဒေသတွင်းချိတ်ဆက်မှု ပိုမိုနက်ရှိုင်းစေရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ပေါင်းစည်းမှုမြှင့်တင်ရေးတို့အပြင် ပူးပေါင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဖြေရှင်းနိုင်ရန် ကျင်းပပြုလုပ်လေ့ရှိသည့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
#News #Myanmar



No comments:
Post a Comment