မော်လမြိုင် ၊ စက်တင်ဘာ ၃၀
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအား စံကိုက်ကျောင်းများ၏ စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် စံကိုက်ကျောင်းအဆင့်မြှင့်တင်ရန်အတွက် စံသတ်မှတ်ချက်နှင့်အညီ ဘက်စုံသုံးခန်းမ၊ အားကစားရုံ၊ ဝန်ထမ်းအိမ်ရာ၊ စုဝေးကွင်းကွန်ကရစ်ခင်းခြင်းနှင့် ဂါလံ (၄၀၀) ဆံ့ ရေစင် (၂) လုံး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး စံကိုက်ကျောင်းအဆင့်မြှင့်တင်ရန်အတွက် ဘက်စုံသုံးခန်းမ၊ အားကစားရုံ၊ စုဝေးကွင်းကွန်ကရစ်ခင်းခြင်း၊ သန့်စင်ခန်းနှင့် ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် လုပ်ငန်းများအား စံသတ်မှတ်ချက်နှင့်အညီ စနစ်တကျဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် အခြေခံပညာမူလတန်းလွန်ကျောင်း (ရွှေနတ်တောင်) နှင့် အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) သို့ ရောက်ရှိခဲ့ပြီး ကျောင်းဆောင်သစ်၊ ဘက်စုံသုံးခန်းမ၊ အားကစားရုံ၊ ဝန်ထမ်းအိမ်ရာ၊ စုဝေးကွင်းကွန်ကရစ်ခင်းခြင်း၊ သန့်စင်ခန်းနှင့် ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများကို လည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း (သွေးသောက်) တွင် စံကိုက်ကျောင်းအဆင့်မြှင့်တင်ရေးအတွက် ကျောင်းဆောင်သစ်၊ ဝန်ထမ်းအိမ်ရာ၊ စုဝေးကွင်း၊ သန့်စင်ခန်းနှင့် ခြံစည်းရိုးအုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများကို လည်းကောင်း အသီးသီး ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် ကျောင်းဦးစီးကော်မတီ၊ မိဘဆရာအသင်းတို့နှင့် ပူးပေါင်း၍ ကျောင်းအင်္ဂါရပ်များနှင့်အညီဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - မွန်တို့ဌာနေ
#News #Myanmar










No comments:
Post a Comment