မြဝတီ၊ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်ရှိ ကျောင်းသားလူငယ်များ အွန်လိုင်းလိမ်လည်မှုမှ ကင်းဝေးနိုင်ကြစေရန်နှင့် အွန်လိုင်းလိမ်လည်မှု အန္တရာယ်ကို သိရှိရှောင်ရှားနိုင်ကြစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်၌ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေ၊ ပြစ်ဒဏ်များ ဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုက လူမှုပတ်ဝန်းကျင်၌ မြင်တွေ့နေရသည့် အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများ၊ နောက်ဆက်တွဲပြဿနာများနှင့် online လိမ်လည်မှု အမျိုးအစားများ၊ ရှောင်ရှားရမည့် နည်းလမ်းများကိုလည်းကောင်း Online လိမ်လည်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ လှုံ့ဆော်၊ သွေးဆောင်၊ ဖြားယောင်းခြင်းကြောင့် အရေးယူအပြစ်ပေးလျက်ရှိသည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ချမှတ်ထားသည့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ဥပဒေ၊ ပုဒ်မများ၊ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်များ၊ လူကုန်ကူးမှုဖြစ်စဉ်များနှင့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို projector ဖြင့် ပြသပြီးဟောပြောခဲ့သည်။
ဆက်လက်ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြစ်ဒဏ်များဆိုင်ရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းရာ ခရိုင်ဥပဒေအရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ
#News #Myanmar


No comments:
Post a Comment