စက်တင်ဘာ - ၆ ( တနင်္ဂနွေနေ့ )
အမေရိကန်စစ်ဌာချုပ် (CENTCOM) ရဲ့ စနေနေ့ ထုတ်ပြန်ချက်အရ အမေရိကန် စစ်သင်္ဘော (လေယာဉ်တင် သင်္ဘောနဲ့ ဖျက်သင်္ဘော) တွေကို အီရန်ဘက်က အကြောင်းမရှိ ရန်စ လာရောက်တိုက်ခိုက်ခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်ရဲ့ ရေနံစိမ်းတင် သင်္ဘော ၃ စီးကို တိုက်ခိုက်ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်အစောပိုင်းမှာ အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ကတော့ အီရန်ဘက်က ကုန်သွယ်ရေး သင်္ဘောတွေနဲ့ အမေရိကန် စစ်တပ်တွေကို ပစ်မှတ်ထားဖို့ ကြိုးပမ်းလာတာ ကြောင့်ဆိုပြီး အင်္ဂါနေ့မှာ တိုက်ခိုက်မှုတွေကို ပြန်စခဲ့တာပါ။ အီရန်ဘက်ကလည်း ပင်လယ်ကွေ့ဒေသမှာရှိတဲ့ အမေရိကန် စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဒလစပ် ပစ်ခတ် လက်တုန့်ပြန်ခဲ့ပါတယ်။
CENTCOM ရဲ့ ပြောကြားချက်အရ အခု တိုက်ခိုက်ခံလိုက်ရတဲ့ အီရန် ရေနံတင်သင်္ဘော ၃ စီးဟာ အီရန်တော်လှန်းရေး အစောင့်တပ်ဖွဲ့ (IRGC) ကို ငွေကြေး ထောက်ပံ့ပေးနေတဲ့ "ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ကြေးရှိတဲ့ မှောင်ခို ကွန်ရက်" ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ သင်္ဘောတွေ ထဲမှာ အီရန်ရဲ့ အဓိက ရေနံစခန်းရှိရာ ပါရှန်းပင်လယ်ကွေ့ ခါခ်ကျွန်း အနီးက ဒေါင်းနီသင်္ဘောနဲ့ ဂျာစ်ခ်မြို့ အနီးက ကိုင်လိုသင်္ဘောတို့ကတော့ ရေနံအပြည့်တင်ဆောင်ထားတဲ့ သင်္ဘော ၂ စီး ပဲဖြစ်ပါတယ်။ ဒါ့အပြင် အိုမန်ပင်လယ်ကွေ့အတွင်းရှိ အခြား ကိုင်လို ရေနံတင်သင်္ဘော တစ်စီးကိုလည်း အမေရိကန်တပ်တွေက "စပျောက်အောင် အပြီးတိုင် ဖျက်ဆီးပစ်ခဲ့တယ်" လို့ ထုတ်ပြန်ထားပါတယ်။
CENTCOM က ထုတ်ပြန်လိုက်တဲ့ ရုပ်သံမှတ်တမ်းမှာ သင်္ဘော ၃ စီးလုံး တိုက်ခိုက်ခံရပုံကို တွေ့ရပါတယ်။ ရုပ်သံပြသချက်အရ ပထမ သင်္ဘော ၂ စီးဟာ စက်ခန်းတွေကို ထိမှန်ခဲ့တာကြောင့် "လုံးဝ သုံးမရအောင် ပျက်စီးသွားခဲ့ပြီး" နောက်ဆုံး သင်္ဘောကတော့ အကြိမ်ကြိမ် တိုက်ခိုက်ခံရအပြီးမှာ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့တာကို တွေ့ရပါတယ်။ တိုက်ခိုက်မှု မပြုလုပ်မီ သင်္ဘောပေါ်ပါ အဖွဲ့သားတွေကို "သင်္ဘောပေါ်ကနေ စွန့်ခွာဖို့ ညွှန်ကြားခဲ့တယ်" လို့ အမေရိကန် စစ်တပ်က ပြောကြားထားပါတယ်။
CENTCOM တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ဘရက်ကူပါး ကတော့ "IRGC ဆီကို ပေးချင်တဲ့ သတင်းစကားကတော့ ရှင်းရှင်းလေးပါပဲ။ ခင်ဗျားတို့ဘက်က ကျုပ်တို့ရဲ့ သင်္ဘော ၂ စီးကို ပစ်ခတ်ရင် ကျုပ်တို့ဘက်က ခင်ဗျားတို့ရဲ့ သင်္ဘော ၃ စီးကို ဖျက်ဆီးပြီး ပိုမိုကြီးမားတဲ့ စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုတန်ဖိုးကို ပေးဆပ်စေမှာ ဖြစ်ပါတယ်" လို့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အီရန်ရဲ့ ခါတမ် အယ်လ်-အန်ဘီယာ ဗဟိုစစ်ဌာနချုပ်က လက်တုန့်ပြန်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပြီး၊ အမေရိကန်အနေနဲ့ အီရန်၏ ရေကြောင်း ကုန်သွယ်ရေးကို ဆက်လက် "နှောင့်ယှက်" နေပြီး ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှု ဆက်လုပ်နေပါက ဒေသတွင်း ပြန့်ကျဲနေတဲ့ အမေရိကန် စစ်သင်္ဘောတွေပေါ် ပိုမို "ပြင်းထန်တဲ့" တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
ဒီထုတ်ပြန်ချက် ထွက်ပေါ်လာပြီး မကြာမီမှာပဲ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို လက်တုန့်ပြန်သည့်အနေဖြင့် ဟောမုဇ် ရေလက်ကြား အတွင်းရှိ "နယ်မြေကျူးကျော်ဝင်ရောက်လာသည့် ရေနံတင်သင်္ဘော" ၃ စီးနှင့် အမေရိကန်နှင့် ဆက်နွှယ်မှုရှိသည့် အခြားသင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့ကြောင်း IRGC က ပြောကြားခဲ့ပါတယ်။
REF: RT
#Myanmar #News

No comments:
Post a Comment