ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ









နေပြည်တော်၊ စက်တင်ဘာ ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး His Excellency Mr. Tor Saralamba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာ-ထိုင်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစတင်ပြီး တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြသည်မှာ ၇၈ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး တိုးတက်ခိုင်မြဲသည့် ဆက်ဆံရေးရှိပါကြောင်း၊ အဆွေတော် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်ရုံသာမက သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ နှစ်နိုင်ငံ ပြည်သူချင်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအရ နက်ရှိုင်းသည့် ဆက်ဆံမှုများရှိကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါးများ၊ လူကုန်ကူးမှုများနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေးအတွက် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများတွင် ထဲထဲဝင်ဝင် အကျိုးရှိရှိ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အဆွေတော်တို့ နိုင်ငံကဲ့သို့ပင် လွှတ်တော်နှစ်ရပ်ဖြစ်သည့် Bicameral System ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟူ၍ ရှိပါကြောင်း၊ မြန်မာ-ထိုင်း လွှတ်တော်နှစ်ရပ်အကြား လွှတ်တော်အချင်းချင်း၊ ကော်မတီအချင်းချင်း၊ လူငယ်နှင့် အမျိုးသမီး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်တွင် မြန်မာ-ထိုင်း လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အာဆီယံပါလီမန်များ ညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့တွင် အဖွဲ့ဝင်နိုင်ငံများ ဖြစ်ပါကြောင်းနှင့် AIPA တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ထဲထဲဝင်ဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့ပြင် မိမိတို့ လွှတ်တော်အနေဖြင့် ထိုင်းကုမ္ပဏီများအပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ စီးပွားရေး လုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူ ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်သုံးသပ်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ တရားဝင် အခွင့်အရေးများ ရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် အာဆီယံမိသားစုဖြစ်သည့်အတွက် အချင်းချင်း နားလည်မှုများ၊ ယုံကြည်မှုများဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားပါသည်။

ထို့နောက် ထိုင်းနိုင်ငံ သံအမတ်ကြီးက ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ ၇၈ နှစ် ပြည့်မြောက်ပြီဖြစ်သဖြင့် မိမိ တာဝန်ထမ်းဆောင်စဉ်ကာလတွင် နှစ် ၈၀ ပြည့် အခမ်းအနားကို ပြုလုပ်ရမည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထိုင်းနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌကလည်း အဆွေတော်ထံ နှုတ်ခွန်းဆက်သကြောင်း အမှာစကား ပါလိုက်ပါကြောင်း၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း အခါအခွင့်သင့်သည့်အချိန်တွင် အဆွေတော်အား ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြားလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် အစိုးရနှင့် လွှတ်တော်များ ပေါ်ပေါက်လာခဲ့ပါကြောင်း၊ အဆွေတော်အနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာ-ထိုင်း လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ ဖွဲ့စည်းထားသည်ကို သိရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်နေသည့် အလုပ်သမားများအရေးနှင့် ပတ်သက်၍ ကူညီစောင့်ရှောက်မှုပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် အာဆီယံပါလီမန်များ ညီလာခံ (AIPA) နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော် မြန်မာ-ထိုင်း လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်သူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့်အတူ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)