တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ (Senior Agent) များအား ဖော်ထုတ်ဖမ်းဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking


တရားမဝင် Online လောင်းကစားဂိမ်း ဦးဆောင်လုပ်ကိုင်သူ (Senior Agent) များအား ဖော်ထုတ်ဖမ်းဆီး


နေပြည်တော်၊ စက်တင်ဘာ ၁၃

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းစီပွားရေးတည်ငြိမ်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ အချို့သော ဝိသမလောဘသားများသည် Online အခြေပြုလောင်းကစား Website များ တည်ထောင်၍ လူမှုကွန်ရက်များပေါ်တွင် ကြော်ငြာခြင်း၊ Online လောင်းကစားဂိမ်းကစားနိုင်ရန် တရားမဝင်ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူအချို့အနေဖြင့် ဝင်ရောက်ကစားလျက်ရှိသည်ကို တွေ့ရှိရပြီး ထိုသို့လောင်းကစားဂိမ်းများကစားခြင်းကြောင့် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ၍ အကျင့်စာရိတ္တပျက်ပြားခြင်း၊ နောက်ဆက်တွဲ ဒုစရိုက်မှုများကျူးလွန်ခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းများ ဖြစ်ပွားသည်အထိ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာလျက်ရှိကြောင်း တွေ့ရှိရသည်။

Online လောင်းကစားဂိမ်းများအား ပြည်သူအများ ပိုမိုကစားလာစေရန်အတွက် Agent Level များ အဆင့်ဆင့်သတ်မှတ်ထားရှိ၍ ဦးစီးဆောင်ရွက်ခြင်း၊ ဆွဲဆောင်စည်းရုံးခြင်းနှင့် လောင်းကစားကွန်ရက်ကျယ်ပြန့်လာအောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် အဓိကဦးစီးဆောင်ရွက်သူ Level မြင့် Agent များအား ဖမ်းဆီးရမိရေး အလေးထားဆောင်ရွက်ခဲ့ရာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင် Ibet 789 Online လောင်းကစားဂိမ်း Senior Agent ဖြိုးသိင်္ဂီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ကိုင်ဖုန်း ၂ လုံးဖြင့် လည်းကောင်း၊ Senior Agent နှင်းဝတ်ရည်ကျော် အပါအဝင် တရားခံ ၃ ဦးအား မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၅)၊ အိမ်အမှတ်(၆၇၀)၌ လက်ကိုင်ဖုန်း ၈ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၁ စီးတို့ဖြင့် လည်းကောင်း၊ စက်တင်ဘာ ၄ ရက်တွင် Online လောင်းကစားဂိမ်း Senior Agent ကျော်စိုးလင်းအား လှိုင်သာယာမြို့နယ်၊ ရေအုပ်ကန်ရပ်ကွက်ရှိ Mandarin Hotel ၌ လက်ကိုင်ဖုန်း ၂ လုံး၊ မော်တော်ယာဉ် ၂ စီးတို့ဖြင့် လည်းကောင်း၊ Online လောင်းကစားဂိမ်း Senior Agent ယဉ်ယဉ်နုအား သာကေတမြို့နယ်၊ အနော်မာ(၁)ရပ်ကွက်၊ လမ်းသစ်(၁)လမ်း၊ အမှတ်(၆၆/က)၌ လက်ကိုင်ဖုန်း ၁ လုံးဖြင့် လည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် Online လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ Online လောင်းကစားဂိမ်း Agent ဆောင်ရွက်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း ၁၃ လုံး၊ Laptop ၁ လုံး၊ Tablet ၁ လုံး၊ မော်တော်ယာဉ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်လှစ်၍ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ Online လောင်းကစား Agent အဖြစ် ဦးစီးဆောင်ရွက်နေသူများကိုလည်း ဆက်လက်ဖော်ထုတ်ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် Online လောင်းကစား Agent အဖြစ် ဆောင်ရွက်နေသူများအား သိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)