နေပြည်တော်၊ စက်တင်ဘာ ၄
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် Viettel ဆက်သွယ်ရေးကုမ္ပဏီတို့သို့ သွား ရောက် ကြည့်ရှုလေ့လာကြသည်။
Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ
ဦးစွာ နိုင်ငံတော်သမ္မတသည် ဟနွိုင်းမြို့မှ Hai Phong မြို့သို့ အထူးမော်တော် ယာဉ်တန်းဖြင့် သွားရောက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်တွင် ဗီယက်နမ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့် စနစ်တကျတည်ဆောက်ထိန်း သိမ်းထားရှိမှုများ၊ လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြို့ပြနှင့် ကျေးလက်လူနေထိုင်ရာနေရာများကို အချိုးကျကျဖြင့် စနစ်တကျမြေအသုံးချထားရှိမှု များ၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများအား ကုန်ထုတ်လမ်းများ ဖောက် လုပ်၍ စနစ်တကျ အကောင်အထည်ဖော် တည်ဆောက်ထားရှိမှုများအား လေ့လာ ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဖွဲ့ဝင်များသည် Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသို့ ရောက်ရှိကြရာ ဗီယက်နမ်နိုင်ငံ၏ အကြီးစား စီးပွားရေးလုပ်ငန်းစု Vingroup Madam DUONG THỊ HOAN (ဇူဝမ်-ထိ-ဟွန်) ၊ VinFast ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. PHAM NHAT QUAN ANH (ဖန်-ညက်-ကွမ်-အိုင်း)နှင့် တာဝန်ရှိသူများက လှိုက်လှဲ နွေထွေးစွာ ကြိုဆိုကြသည်။
ယင်းနောက် ကုမ္ပဏီအစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက ဗီယက်နမ် နိုင်ငံ၏ အကြီးစားစီးပွားရေး လုပ်ငန်းစု Vingroup ၏ အဓိကလုပ်ငန်းခွဲတစ်ခုဖြစ်သည့် Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီသို့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် လာရောက်လေ့လာမှုအပေါ် များစွာဂုဏ်ယူဝမ်းမြောက် မိပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဗီယက်နမ်နိုင်ငံ၏ အကြီး စားစီးပွားရေးလုပ်ငန်းစု Vingroup မှ တာဝန်ရှိသူများနှင့် Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ဆက်လက်၍ VinFast ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. PHAM NHAT QUAN ANH က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် စက်ရုံဆိုင်ရာ သမိုင်းကြောင်းများ၊ စက်ရုံမှ ထုတ်လုပ်လျက်ရှိသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ၊ ပြည်တွင်း ပြည်ပဈေးကွက်သို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ ဆိုင်ရာများနှင့် ပတ်သက်သည့် Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် VinFast ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်က အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ရာ နိုင်ငံတော်သမ္မတက လက်ခံရယူပြီး အမှတ်တရ လက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ဗီယက်နမ်နိုင်ငံ၏ အကြီးစားစီးပွား ရေးလုပ်ငန်းစု Vingroup ၏ အဓိကလုပ်ငန်းခွဲတစ်ခုဖြစ်သော Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ၏ မော်တော်ယာဉ်ထုတ်လုပ်မှုအခြေအနေများအား လာရောက် လေ့လာရခြင်းအတွက် ဝမ်းမြောက်မိပါကြောင်း၊ ကုမ္ပဏီ၏ ဆောင်ရွက်ချက်များ အပေါ်လေ့လာမှုများအရသိရှိရပြီး ယခုရှင်းလင်းတင်ပြမှုများအရလည်း ပိုမိုသိရှိရသည့် အတွက် အောင်မြင်တိုးတက်မှုများအပေါ် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် ယခုဗီယက်နမ်နိုင်ငံသို့ လာရောက်သည့်ခရီးစဉ်အတွင်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်နိုင်ရန်ရည်ရွယ်ထားရှိပြီး Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများ အပေါ် လေ့လာကြည့်ရှုသွားမည်ဖြစ်ကြောင်းနှင့် ယခုထက်ပိုမိုသော အောင်မြင်မှုများ ရရှိရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြန်လည်ပြောကြားသည်။
ဆက်လက်၍ Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီအတွင်း လှည့်လည်၍ သတ္တုပုံဖော်ခြင်း၊ ကားကိုယ်ထည် တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ အပြီးသတ်တပ်ဆင်ခြင်းစသည့် မော်တော်ယာဉ်ထုတ်လုပ် နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်အား အလိုအလျောက်စနစ်များနှင့် စက်ရုပ်နည်းပညာများ အသုံးပြု၍ ဆောင်ရွက်နေမှုများအပေါ်လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။
အဆိုပါ ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသော မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ အကြီးစားစီးပွားရေးလုပ်ငန်းစု Vingroup ၏ လုပ်ငန်းများအနက် တစ်ခုဖြစ်ပြီး လျှပ်စစ်မော်တော်ယာဉ်များနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်များကို အဓိကထုတ်လုပ် လျက်ရှိကြောင်း၊ Vinfast မော်တော်ယာဉ် ထုတ်လုပ်ရေးကုမ္ပဏီကို ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Phong မြို့၊ Cat Hai ဒေသတွင် တည်ဆောက်ထားပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စက်ရုံတည်ဆောက်ရေးစတင်ခဲ့ကာ ၂၁ လအတွင်း တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်တွင် စက်ရုံဖွင့်လှစ်၍ မော်တော်ယာဉ် ထုတ်လုပ်မှုများကို စတင်ခဲ့ကြောင်း၊ VinFast ၏ Hai Phong မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသည် ဧရိယာ စတုရန်းမီတာ ၅၀၀,၀၀၀ ကျော် ကျယ်ဝန်းပြီး မော်တော်ယာဉ်ထုတ်လုပ် မှုလုပ်ငန်းစဉ်များကိုခေတ်မီနည်းပညာများ၊ အလိုအလျောက်စနစ်များနှင့် စက်ရုပ်နည်းပညာများအသုံးပြု၍ ဆောင်ရွက်လျက် ရှိကြောင်း၊ စက်ရုံတွင် သတ္တုပုံဖော်ခြင်း၊ ကားကိုယ်ထည်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း၊ အပြီးသတ်တပ်ဆင်ခြင်းနှင့် ဘက်ထရီထုတ်လုပ်ခြင်းစသည့် အဓိကလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်သည့် ထုတ်လုပ်ရေး ဌာနများပါဝင်ကြောင်း၊ ထို့အပြင် VinFast သည် လျှပ်စစ်မော် တော်ယာဉ်များအတွက် လိုအပ်သည့် ဘက်ထရီထုတ်လုပ်မှုနှင့်
ထောက်ပံ့ရေးကဏ္ဍများကိုလည်း ပြည်တွင်း၌ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက် လျက်ရှိပြီး မော်တော်ယာဉ် ထုတ်လုပ်မှုမှ လျှပ်စစ်ဘက်ထရီနှင့် နည်းပညာပိုင်း ဆိုင်ရာကဏ္ဍများအထိ ချိတ်ဆက်တည်ဆောက်ထားခြင်းသည် VinFast ၏ လျှပ်စစ်မော်တော်ယာဉ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း။
VinFast သည် ဗီယက်နမ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် လျှပ်စစ် ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံတွင် စက်ရုံနှစ်ရုံ၊ အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံတစ်ရုံ၊ အိန္ဒိယနိုင်ငံတွင် စက်ရုံတစ်ရုံတို့ဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်လျက်ရှိကာ နိုင်ငံတကာဈေးကွက်များသို့လည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် Vinfast မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံမှ အပြီးသတ်ထုတ်လုပ်ထားသည့် မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များအား ကြည့်ရှုလေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။
Viettel ဆက်သွယ်ရေးကုမ္ပဏီ
ကုမ္ပဏီသို့ရောက်ရှိစဉ် ယင်းနောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အဖွဲ့ဝင်များသည် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ ဆက်လက်ထွက်ခွာခဲ့ကြပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sr. Lt. Gen. Nguyen Quang Ngoc (ငုရင်-ကွမ်း-ငေါက်) ၊ Viettel Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Lt. Gen. Tao Duc Thang (သာအို-ဒု-ထန်း) နှင့် တာဝန်ရှိသူများက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ကုမ္ပဏီအစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ လာရောက်လေ့လာသည့်အတွက် မိမိတို့အနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာကြသည့် Viettel ဆက်သွယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများသည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ အကြား ရှည်လျားခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု သံတမန်ဆက်ဆံရေး တည်ဆောက် နိုင်ခဲ့မှုနှင့် Viettel ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် နှစ်နိုင်ငံဆက်သွယ်ရေးနှင့် စီးပွားရေးအရပူးပေါင်း ဆောင်ရွက်မှုများခိုင်မာစေရေးကို တစ်ထောင့်တစ်နေရာမှ တည်ဆောက်နိုင်ခဲ့မှုဆိုင်ရာများ၊ စဉ်ဆက်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက် လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် Mytel အမှတ်တံဆိပ်ဖြင့် ဆက်သွယ်ရေး ကွန်ရက်တစ်ခု ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေများနှင့် ပတ်သက်သည့် Video Clip ဖွင့်လှစ်ပြသမှုအား ကြည့်ရှုကြသည်။
ယင်းနောက် Viettel Group ၏ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် Lt. Gen. Tao Duc Thang (သာအို-ဒု-ထန်း) က အဆွေတော်သမ္မတကြီးအနေဖြင့် Viettel Group နှင့် Mytel တို့အပေါ် ထောက်ခံအားပေးခဲ့မှုများအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါ ကြောင်း၊ Mytel ဟူသည် အမည်နာမသည် အဆွေတော်သမ္မတကြီးကိုယ်တိုင် ရွေး ခြယ်ပေးအပ်ခဲ့သည့် အမည်နာမဖြစ်သည့်အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ Viettel Group အနေဖြင့် Mytel နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် Mytel ဆက်သွယ်မှု ကွန်ရက်ဆိုင်ရာလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရေး အတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားလိုပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်လမ်းပန်းဆက်သွယ်ရေး၊ ဒီဂျစ်တယ် သယ်ယူပို့ဆောင်ရေးတို့တွင် Mytel အနေဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည့် အလားအလာများစွာရှိနေပါကြောင်း၊ အဆွေတော်သမ္မတကြီး ဦးဆောင်သည့် ခရီး စဉ်အတွင်း အောင်မြင်မှုများရရှိပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက နှစ်ဖက်သဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်၍ လုပ်ငန်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်တိုးချဲ့ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်း ဆက်သွယ်မှု ကွန်ရက်များ ပိုမိုကောင်းမွန်ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များမှာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာပစ္စည်းများ လာရောက် ထုတ်လုပ်နိုင်ပါကြောင်း၊ မိမိအနေဖြင့် ဒီဂျစ်တယ်နှင့် နည်းပညာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် Viettel Group ၏ ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် Viettel Group မှ ပြန်လည်ထွက်ခွာရာ Viettel Group ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက ရင်းနှီး နွေးထွေးစွာဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#News #Myanmar








No comments:
Post a Comment